စင်္ကာပူနိုင်ငံရှိ Nanyang Technological University (NTU) တွင် ဘွဲ့ကြိုကျောင်းသားများအတွက် Google AI Tool များကို အခမဲ့ အသုံပြုခွင့်ပေးပြီး လာမည့် ဩဂုတ်လမှစ၍ AI အား မေဂျာတိုင်းတွင် ထည့်သွင်းသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကွန်ပျူတာဘာသာရပ်သင် ကျောင်းသားများကိုသာ သင်ကြားပေးနေသည့် AI နည်းပညာဆိုင်ရာ သင်ခန်းစာများကို ဩဂုတ်လမှစ၍ NTU ကျောင်းသားအားလုံး မဖြစ်မနေ သင်ယူရတော့မည် ဖြစ်သည်။
ကျောင်းသားများသည် လုပ်ငန်းခွင် အလိုအလျောက်စနစ်များအတွက် Gemini Enterprise၊ App ပုံစံငယ်များ လျင်မြန်စွာ ဖန်တီးရန် AI Studio နှင့် အကြီးစား AI စနစ်များကို စီမံခန့်ခွဲရန် Vertex AI တို့ အပါအဝင် Google ၏ အဆင့်မြင့် AI Tool များကို အခမဲ့ အသုံးပြုခွင့် ရရှိကြပါမည်။
ဤအစီအစဉ်သည် AI နည်းပညာကို ကျောင်းသားတိုင်း လက်လှမ်းမီစေရန် ရည်ရွယ်ပြီး အခြေခံမရှိသေးသူများပင်လျှင် ဤနည်းပညာကို စမ်းသပ်အသုံးပြုနိုင်စေရန် အာမခံချက်ပေးထားသည်။
သို့ဖြစ်ပါ၍ AI နည်းပညာကို အသုံးပြုနိုင်သူနှင့် အသုံးမပြုနိုင်သူများအကြား ဖြစ်ပေါ်နေသည့် နည်းပညာကွာဟချက်ကို လျှော့ချပေးနိုင်မည်ဟု တက္ကသိုလ်တာဝန်ရှိသူများက မျှော်လင့်ထားသည်။
NTU က ကျောင်းသားများကို AI ဆရာများနှင့်အတူ သင်ယူတတ်စေရန်သာမက လက်တွေ့ကမ္ဘာမှ ပြဿနာများကို ဖြေရှင်းနိုင်မည့် AI ကိရိယာများအထိပါ ကိုယ်တိုင် ဖန်တီးတတ်စေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားများသည် ၎င်းတို့ကိုယ်ပိုင် ဖန်တီးထားသည့် AI လက်ထောက်များကို ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်သည်အထိ ဆက်လက်အသုံးပြုခွင့် ရရှိပါမည်။
NTU တက္ကသိုလ်က ပြောကြားသည်မှာ လက်ရှိတွင် ဘာသာရပ်အားလုံး၏ ၅% ခန့်တွင်သာ AI ကို ထည့်သွင်းအသုံးပြုနေသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် ဘာသာရပ်ပေါင်း၏ ၄၀% ခန့်အထိ AI နည်းပညာ ပေါင်းစပ်အသုံးပြုမှုကို တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုကဲ့သို့ အတိုင်းအတာပမာဏအထိ ပညာရေးကဏ္ဍတွင် AI နည်းပညာကို ကျင့်သုံးဆောင်ရွက်ခြင်းမှာ စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များအနက် ၎င်းတို့တက္ကသိုလ် (NTU) မှာ ပထမဆုံးဖြစ်ကြောင်း တက္ကသိုလ်ဘက်က ဖြည့်စွက်ပြောကြားခဲ့သည်။