ကမ္ဘာပေါ်တွင် ဆရာ/ဆရာမပေါင်း (၁၀၇) သန်း ရှိသော်လည်း၊ မူကြို၊ မူလတန်းနှင့် အထက်တန်းပညာရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နောက်ထပ် ဆရာ/ဆရာမ သန်း (၅၀) ထပ်မံ လိုအပ်လျက်ရှိကြောင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ထုတ်ပြန်ခဲ့သော ယူနက်စကို (UNESCO) ၏ ဒေတာအသစ်များအရ သိရသည်။
ယင်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆရာနှစ်ဦးစီတွင် နောက်ထပ် ဆရာတစ်ဦးစီ ထပ်မံ လိုအပ်နေသည့် သဘောဖြစ်ပါသည်။
၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်မည့် ဆရာ/ဆရာမ ဦးရေ၏ (၅၈) ရာခိုင်နှုန်းမှာ အလုပ်မှ နုတ်ထွက်သွားသူများ၏ နေရာတွင် အစားထိုးရန်အတွက် ဖြစ်ပါသည်။
အချက်အလက်များအရ နုတ်ထွက်မှုနှုန်း အမြင့်ဆုံးကဏ္ဍများကို ဖော်ပြထားရာ မူကြိုပညာရေးတွင် (၇.၂) ရာခိုင်နှုန်း၊ အထက်တန်းပညာရေးတွင် (၅.၄) ရာခိုင်နှုန်းနှင့် မူလတန်းပညာရေးတွင် (၄.၇) ရာခိုင်နှုန်း ရှိကြပါသည်။
ဒေတာများအရ နိုင်ငံများ၏ (၇၅) ရာခိုင်နှုန်း၌ ဆရာ/ဆရာမ (၄၀) ရာခိုင်နှုန်းအောက်ကသာ မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို တန်ဖိုးထားခံရသည်ဟု ခံစားရကြောင်း ဖော်ပြကြပါသည်။
မူကြိုနှင့် မူလတန်းဆရာ/ဆရာမများသည် တူညီသော အရည်အချင်းရှိသည့် အခြားသော အသက်မွေးဝမ်းကျောင်း ပညာရှင်များထက် လစာ လျော့နည်းကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။
လေ့လာဆန်းစစ်ခဲ့သည့် (၆၈) နိုင်ငံအနက် ငါးပုံနှစ်ပုံတွင် ဆရာ/ဆရာမများ၏ လစာသည် ပညာရေးအဆင့်အတန်း တူညီပြီး အရည်အချင်းရှိသည့် အခြားပညာရှင်များ၏ လစာအောက် လျော့နည်းနေသည်။
ဆရာ/ဆရာမများသည် တစ်ပတ်လျှင် စာသင်ခန်းထဲ၌ ပျမ်းမျှ (၁၉) နာရီ ကုန်လွန်ရသော်လည်း၊ စာပြင်ဆင်ခြင်း၊ စာစစ်ခြင်းနှင့် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ အပါအဝင် အခကြေးငွေမရရှိသော အပိုအလုပ်များကြောင့် စုစုပေါင်း အလုပ်ချိန် နာရီ (၆၀) ခန့် လုပ်ကိုင်နေကြရပါသည်။
ဆရာ၊ ဆရာမ လိုအပ်ချက်ကို ဖြေရှင်းရန် ပေါ်လစီများ ရေးဆွဲရာ၌ ဆရာ/ဆရာမများကို ပါဝင်ဆွေးနွေးခွင့်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း စံချိန်စံညွှန်းများနှင့် အလုပ်အကိုင် တိုးတက်မှု လမ်းကြောင်းများ သတ်မှတ်ပေးခြင်း၊ ပြိုင်ဆိုင်မှုရှိသော လစာများနှင့် သီးသန့် အကျိုးခံစားခွင့်များ ပေးအပ်ခြင်း၊ ကျောင်းများကို ပိုမိုဘေးကင်းပြီး ပံ့ပိုးမှုရှိသော ပတ်ဝန်းကျင်ဖြစ်စေခြင်းနှင့် မလိုအပ်သော အလုပ်ဝန်ထုတ်ဝန်ပိုးများကို လျှော့ချပေးခြင်းတို့ကို လုပ်ဆောင်ရပါမည်။
ယူနက်စကိုသည် ဆရာ/ဆရာမများနှင့် သက်ဆိုင်သော မူဝါဒများကို မြှင့်တင်ပေးခြင်းနှင့် သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အရည်အသွေးမြင့် သင်တန်းများကို ပံ့ပိုးပေးခြင်းဖြင့် အရည်အချင်း ပြည့်ဝပြီး စိတ်အားထက်သန်သော ဆရာ/ဆရာမဦးရေ တိုးတက်လာစေရန် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Source - UNESCO