အင်္ဂလန်တွင် ဆရာ၊ ဆရာမများ၏ လစာ (၃.၅)% တိုးမြှင့်

အင်္ဂလန်နိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းခေါင်းဆောင်များ၏ လစာတိုးမြှင့်မှုကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။

အစိုးရနှင့် ပညာရေးသမဂ္ဂများအကြား ဆွေးနွေးညှိနှိုင်းမှုများအရ ဆရာ၊ ဆရာမများသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှစ၍ ၃.၅ ရာခိုင်နှုန်းနှင့် ၂၀၂၇ ခုနှစ် စက်တင်ဘာလမှစ၍ နောက်ထပ် (၃) ရာခိုင်နှုန်း တိုးမြှင့်မှုကို လက်ခံရရှိမည်ဖြစ်သည်။

ဤလစာတိုးမြှင့်မှုအစီအစဉ်အတွက် ၂၀၂၆-၂၀၂၇ တွင် ပေါင်သန်း (၇၀၀) နှင့် ၂၀၂၇-၂၀၂၈ တွင် ပေါင် (၁.၁) ဘီလီယံ စုစုပေါင်း ပေါင် (၁.၈) ဘီလီယံ ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိအစိုးရ တာဝန်ယူချိန်အတွင်း ကျောင်းဆရာများ၏ လစာမှာ (၁၇)% အထိ တိုးတက်လာမည်ဖြစ်ပြီး လေးနှစ်အတွင်း ပေါင် (၇,၉၀၀) ခန့်အထိ တိုးမြှင့်ခံစားရမည်ဖြစ်သည်။

သတ်မှတ်ချက်များအရ ပျမ်းမျှကျောင်းဆရာတစ်ဦး၏ လစာသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှစ၍ ပေါင် (၅၂,၈၀၀) ကျော်သို့လည်းကောင်း၊ ၂၀၂၇ ခုနှစ် စက်တင်ဘာလမှစ၍ ပေါင် (၅၄,၄၀၀) ကျော်သို့လည်းကောင်း အသီးသီး မြင့်တက်လာမည် ဖြစ်သည်။

ပညာရေးအတွင်းဝန် မစ္စပေါဝဲလ်က ဒေသန္တရအစိုးရပင်စင်အစီအစဉ် (LGPS) ၏ ပင်စင်ထည့်ဝင်ကြေးနှုန်းထားများကို ပြန်လည်သုံးသပ်ပြီးနောက် ကျောင်းဘက်မှ ပင်စင်ထည့်ဝင်ကြေး ပေးသွင်းရသည့်နှုန်းထားမှာ (၄.၉) ရာခိုင်နှုန်းပွိုင့် လျော့ကျသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

။ ယင်းကြောင့် ကျောင်းများအနေဖြင့် သင်ကြားရေးပြင်ပဝန်ထမ်းများ၏ လုပ်ခလစာဆိုင်ရာ ကုန်ကျစရိတ်များတွင် သိသာထင်ရှားသော ငွေကြေးသက်သာမှု ရရှိမည်ဖြစ်သည်။ 

အဆိုပါ (၄.၉) ရာခိုင်နှုန်းဆိုသည့် ပမာဏမှာ ဒေသန္တရအစိုးရ ပင်စင်ရန်ပုံငွေ (LGPS) ရန်ပုံငွေများအားလုံး၏ ပျမ်းမျှနှုန်းထားဖြစ်ပြီး ကျောင်းတိုင်း တူညီစွာရရှိမည့် လျှော့ချမှုမဟုတ်ကြောင်း သိရသည်။

အဆိုပါ ကုန်ကျစရိတ်လျော့ကျမှုမှ ရရှိလာသည့် ငွေကြေးသက်သာမှုသည် ဆရာ၊ ဆရာမများ၏ လုပ်ခလစာတိုးမြှင့်ပေးမှုအတွက် ကုန်ကျစရိတ်ကို ကျောင်းများက ကာမိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း အစိုးရက ပြောကြားခဲ့သည်။ 

STRB (School Teachers' Review Body) ၏ လစာနှုန်းထားအကြံပြုချက်များအတိုင်း တိုးမြှင့်ပေးသွားမှာ ဖြစ်ပြီး ဒေသန္တရအာဏာပိုင်အဖွဲ့များက စီမံခန့်ခွဲသည့်ကျောင်းများမှ ဆရာ၊ ဆရာမများက တိုက်ရိုက် အကျုံးဝင်ပါမည်။

အကယ်ဒမီကျောင်းအများစုကလည်း လက်တွေ့တွင် အစိုးရ သတ်မှတ်ထားသော လစာအစီအစဉ်များကို လိုက်နာကျင့်သုံးကြလေ့ရှိသည်။

ထို့အပြင် အစိုးရအနေဖြင့် အကယ်ဒမီကျောင်းများရှိ ဆရာများအားလုံးပါ အခြေခံလစာကမ်းလှမ်းချက်ကို ရရှိခံစားနိုင်ရန် စက်တင်ဘာ ၂၀၂၇ တွင် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Source - TES, Gov.uk

International News Read 5 times