ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကလေးတစ်ဝက်ခန့်မှာ စာဖတ်ခြင်းနှင့် နားလည်နိုင်စွမ်း မရှိ

နိုင်ငံ၏ စာတတ်မြောက်နှုန်းကို ၂၀၃၁ ခုနှစ်တွင် (၈၆%) မှ (၉၀%) ကြားသို့ မြှင့်တင်ရန် အစိုးရက ရည်မှန်းထားသော်လည်း အသက် (၇) နှစ်နှင့် (၁၄) နှစ်ကြား ကလေးငယ်များ၏ ထက်ဝက်နီးပါးမှာ ရိုးရှင်းသောပုံပြင်တစ်ပုဒ်ကိုပင် ဖတ်၍ မနားလည်နိုင်သေးကြောင်း သိရသည်။

ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တမ်းတစ်ခုအရ အဆိုပါ အသက်အုပ်စုအတွင်းရှိ ကလေးများ၏ (၅၀.၂%) သာလျှင် အခြေခံစာဖတ်စွမ်းရည် စံနှုန်းကို ပြည့်မီကြပြီး၊ ၎င်းမှာ ၂၀၁၉ ခုနှစ်က (၄၈.၈%) ရှိခဲ့ရာမှ (၁.၄%) သာ တက်လာခြင်း ဖြစ်သည်။

ဒုတိယတန်းနှင့် တတိယတန်း ကလေးများအနက် (၂၈.၂%) သာလျှင် အခြေခံ စာဖတ်စွမ်းရည်ကို ပြသနိုင်ခဲ့ကြပြီး၊ တတိယတန်းတွင် (၃၅.၄%)၊ စတုတ္ထတန်းတွင် (၅၄.၇%)၊ ပဉ္စမတန်းတွင် (၆၂%) အသီးသီး ရှိသည်။

ကလေးများ အတန်းတက်လာသည်နှင့်အမျှ အဆိုပါနှုန်း တိုးတက်လာသော်လည်း အများစုမှာ အခြေခံစွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ အတန်းကြီးများသို့ ရောက်ရှိသွားကြဆဲ ဖြစ်သည်။ 

စာတတ်မြောက်ရေး တိုးတက်မှုနှုန်း စာရွက်ပေါ်တွင် ရှိနေခြင်းနှင့် ကလေးများ၏ လက်တွေ့သင်ယူမှု အခြေအနေတို့အကြား ကွာဟချက်ရှိနေကြောင်း ပညာရေးပညာရှင်များက ထောက်ပြကြသည်။

ကလေးများအနေဖြင့် စာဖတ်တတ်ပြီး နားလည်နိုင်စွမ်း မရှိသေးသမျှ ကာလပတ်လုံး စာတတ်မြောက်နှုန်းကို မြှင့်တင်ခြင်းသည် အဓိပ္ပာယ် ရှိမည်မဟုတ်ကြောင်း ၎င်းတို့က သတိပေးခဲ့ကြသည်။ 

အသက် (၇) နှစ်နှင့် အထက် ကလေးများ၏ စာတတ်မြောက်နှုန်းကို လက်ရှိ (၇၇.၈၉%) မှ ၂၀၃၁ ခုနှစ်တွင် (၈၆%) နှင့် (၉၀%) ကြားသို့ မြှင့်တင်ရန် အစိုးရက ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

၎င်းပြင် အသက် (၂၅) နှစ်နှင့် (၄၅) နှစ်ကြားရှိ အရွယ်ရောက်ပြီးသူ (၄.၅) သန်းကို လုပ်ငန်းခွင်သုံး စာတတ်မြောက်ရေး အစီအစဉ်တစ်ခုအတွင်းသို့ ထည့်သွင်းရန်လည်း အစိုးရက ရည်ရွယ်ထားသည်။

ခရိုင် (၆၄) ခရိုင်ရှိ အသက် (၇) နှစ်နှင့် (၁၄) နှစ်ကြား ကလေးငယ် (၃၁,၈၅၉) ဦးကို ဘင်္ဂလားဒေ့ရှ် စာရင်းအင်းဗျူရိုနှင့် ယူနီဆက်တို့ ပူးပေါင်း၍ အဆိုပါ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

Source - Asia News Network

International News Read 13 times