ဒတ်ချ်ကျောင်းသား (၂၃) ဦး ကမ္ဘာ့ပထမဆုံး ဆိုလာစနစ်လူနာတင်ယာဉ်တီထွင်

ဝေလံခေါင်ဖျားသည့်ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ရောက်ရှိရန် ရည်ရွယ်၍ ကမ္ဘာ့ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး လူနာတင်ယာဉ်ကို ဒတ်ချ်ကျောင်းသားများက တီထွင်ဖန်တီးခဲ့သည်။

Stella Juva ဟု အမည်ပေးထားသော ဤယာဉ်ကို လူနာများသယ်ဆောင်ရန်၊ ကွင်းဆင်းရောဂါရှာဖွေမှုများကို အထောက်အကူပြုရန်နှင့် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ယာဉ်ပေါ်ပါ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာအားလုံးကိုပါ စွမ်းအင်ပေးကာ ပြန်လည်အားသွင်းနိုင်ရန် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

နယ်သာလန်နိုင်ငံရှိ Eindhoven နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၂၃) ဦးဖြင့် ဖွဲ့စည်းထားသော Solar Team Eindhoven အဖွဲ့က အဆိုပါ လူနာတင်ယာဉ်ကို လောင်စာဆီပြတ်တောက်မှုများရှိသော၊ ယာဉ်အားသွင်းစခန်းများ မရှိသေးသော သို့မဟုတ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသော ဒေသများအတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

ယာဉ်သည် အကောင်းဆုံး နေရောင်ခြည်ရရှိသည့် အခြေအနေတွင် (၇၁၅) ကီလိုမီတာအထိ ခရီးနှင်နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ (၁၂၀) အထိ ရောက်ရှိနိုင်သည်။ နေရောင်ခြည် အားနည်းချိန်နှင့် ညဘက်များတွင်ပါ အဆက်မပြတ် လည်ပတ်နိုင်စေသည့် ပေါင်းစပ်ဘက်ထရီစနစ်ကိုလည်း အသုံးပြုထားသည်။

ယာဉ်ပေါ်တွင် နှလုံးခုန်နှိုးစက်၊ အာထွာဆောင်းစက်များ၊ X-ray စက်များနှင့် ကာကွယ်ဆေး အအေးခံသိမ်းဆည်းသည့်စနစ်များကဲ့သို့သော အရေးပါသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပါရှိသည်။

လူနာတင်ယာဉ်အဖြစ် လူနာများကို သယ်ဆောင်ပေးနိုင်ရုံသာမက အခြေခံအဆောက်အအုံများ မရှိကြသော လူမှုအသိုက်အဝန်းများဆီသို့ တိုက်ရိုက်ကုသမှုများ ပံ့ပိုးပေးနိုင်ရန် အရေးပေါ် မိုဘိုင်းဆေးခန်းတစ်ခုအနေဖြင့်လည်း လည်ပတ်လုပ်ကိုင်နိုင်ရန် ပြုလုပ်ထားသည်။

Source - EV Infrasture News

International News Read 15 times