Sales Hotline : 09448001653       Download App



ခက်ခဲတဲ့လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကို ပျော်အောင်နေနိုင်ဖို့ နည်းလမ်း (၁၀) ခု

 

လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ၂၄ နာရီရဲ့ ၃ ပုံ ၁ ပုံဟာ လုပ်ငန်းခွင်ထဲမှာ ကုန်ဆုံးနေရတာပါ။ လုပ်ငန်းခွင်ကကိုယ့်ရဲ့ဒုတိယမိသားစုလို့ပြောရင်လည်းမမှားပါဘူး။ ဒီလိုနေရာမှာကိုယ့်စိတ်ကိုယ်ပျော်အောင်နေတတ်ဖို့ဆိုတာ အရေးအကြီးဆုံးအချက်ပါပဲ။ စိတ်ပျော်မှလည်း လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ ပြီးမြောက်အောင်မြင်မှာပဲဖြစ်ပါတယ်။

 

သင်ကပညာသင်ယူပြီးမြောက်လို့ လုပ်ငန်းခွင်ကို အခုမှစဝင်မယ့်သူပဲဖြစ်ဖြစ်၊ လက်ရှိလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေသူပဲဖြစ်ဖြစ် ဒီအချက်လေးတွေကို မဖြစ်မနေ ဖတ်ရှုလေ့လာသင့်ပါတယ်။ လုပ်ငန်းခွင်တိုင်းက လွယ်ကူအဆင်ပြေမနေပါဘူး။ အဆင်မပြေတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်ဖို့အတွက် အောက်ပါအချက်လေးတွေကို ဖတ်ရှုပြီး ကိုယ့်ကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ အကြံပြုချင်ပါတယ်။


 

၁. ကိုယ်ရေးကိုယ်တာပြဿနာကို ကိုယ်ရေးကိုယ်တာအဖြစ်ပဲရှိပါစေ

 

 သင်က ကိုယ်ရေးကိုယ်တာ ပြဿနာတွေထဲ နစ်မွန်းနေတဲ့အခါ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ ဒါမှမဟုတ် ပျော်ရွှင်ဖို့ ခက်ခဲပါတယ်။ ဖြေရှင်းနည်း အနေနဲ့ကတော့ အလုပ် နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်ပါစေ။ တော်တော်များများ ကြားလေ့ရှိတဲ့စကားပါ။တကယ်တည်းကျ လက်တွေ့လိုက်နာ နိုင်ဖို့ရာ ခက်ခဲပါတယ်။ အိမ်က ပြဿနာ အိမ်မှာပဲထားခဲ့ပါ။ အလုပ်ချိန်မှာ ပြဿနာတွေပူပန်နေလို့လည်း အရာရာက ဖြေရှင်းလို့ မရနိုင်ပါဘူး။ အိမ်မှာနေရင်း ပျော်ရွှင်နိုင်ဖို့ဆိုတာလည်း အချိန်ကုန်ခံပြီး အလုပ်ထွက်လုပ်ရမှာဖြစ်သလို ကိုယ်လုပ်တဲ့အလုပ်ကို အကျိုးရှိရှိနဲ့ အာရုံစူးစိုက်ပြီး လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ 

 

၂. သင့်အလုပ်စားပွဲကို ကိုယ်ပိုင်နေရာတစ်ခုလို ဖန်တီးပါ

 

အလုပ်သွားရတယ်လို့ ဆိုကတည်းက သင့်အိမ်မှာလောက် သက်တောင့်သက်သာမရှိစေတာ အမှန်ပါပဲ။သင့်ရဲ့အိပ်ချိန်ထက် အလုပ်လုပ်ချိန်ကပိုတယ်လို့ ယူဆရင် သင့်ရဲ့အလုပ်လုပ်တဲ့ စားပွဲ (သို့) ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားပါ။ သင့်အတွက် ကိုယ်ပိုင်နေရာလေးဖန်တီးပါ။ ကုမ္ပဏီရဲ့ မူဝါဒ၊ ဘောင်အတွင်းကနေ သင့်နေရာလေးကို အလှဆင်ပါ။ သင်ကြိုက်တတ်တဲ့ အသုံးအဆောင်၊ပန်း၊အရောင်လေးတွေ ဖန်တီးပါ။ သင့်ကိုယ်ပိုင်နေရာလေးရဲ့ ပတ်ဝန်းကျင် အနေအထားက သင့်ကို သက်တောင့်သက်သာရှိပါစေ။

 

၃. လုပ်ဖော်ကိုင်ဖက်ကို ရှာဖွေပါ

 

လုပ်ငန်းခွင်မှာ သင့်အတွက် လုပ်ဖော်ကိုင်ဖက်ဆိုတာကိုရှာဖွေပါ။ သင့်တန်ဖိုးနဲ့ စိတ်ဝင်စားမှုကို မျှဝေပေးတဲ့ လုပ်ဖော်ကိုင်ဖက်မျိုးကို တွဲလိုက်ပါ။အလုပ်မှာတင်မကပဲ အပြင်တူတူသွားတာဖြစ်ဖြစ်၊ ညနေရုံးဆင်းရင် ဒိတ်ကျတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။  ဒါက အလုပ်မှာ ဖိအားအများကြီး လျော့ပါးစေနိုင်ပါတယ်။ သင့်ခံစားချက် နဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်နိုင်တဲ့သူတွေနဲ့ ပေါင်းသင်း မျှဝေခြင်းကလည်း စိတ်ဖိစီးမှုတွေကို အများကြီး လျော့ကျစေနိုင်ပါတယ်။ 

 

၄. ကျန်းမာရေးနဲ့အညီ စားသောက်ပါ

 

ခေါင်းစဥ်ကိုကြည့်ရင် ရုတ်တရက် လုပ်ငန်းခွင်နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပြီး ရေများများ သောက်ပါ။ အလုပ်ရှုပ်နေလည်း သတိထားပြီး တစ်နေ့မှာ သောက်ရမယ့် ရေပမာဏအတိုင်း သောက်သုံးပါ။ အစားစားချိန်မှန်ကန်ပါစေ။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ ကျန်းမာမှ စိတ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှ အလုပ်မှာ ပျော်ရွှင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုနဲ့လည်း သင့်လုပ်ငန်းခွင်ရဲ့ ပျော်ရွှင်မှုကို ထိန်းထားနိုင်ပါတယ်။

 

၅. To Do List ချရေးပါ

 

တစ်ခါတစ်လေမှာ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေ အရမ်းများလာတဲ့ အခါ တစ်ယောက်တည်း ရောထွေးရှုပ်ပွေနေတတ်ပါတယ်။ ဘယ်အလုပ်က စလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ အဲဒီအခါ အလုပ်ကို စိတ်ကုန်လာပြီး ထွက်ပြေးချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ တစ်နေ့တာ ရုံးရောက်တာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ချရေးပါ။ တစ်နေ့တာလုံးမှာ မဖြစ်မနေပြီးဖို့ လိုတဲ့အရာတွေ၊ အရေးကြီးတဲ့ အရာတွေကို ဦးစားပေးပြီး ခေါင်းအေးအေးနဲ့ အစဥ်လိုက်လုပ်ဆောင်ပါ။ တာဝန်တစ်ခုပြီးလို့ To Do list ထဲကခြစ်ချလိုက်ရတဲ့ ခံစားချက်က သင့်အတွက် ခွန်အားတွေ ဖြစ်စေပါလိမ့်မယ်။

 

၆. လှည့်လည်လှုပ်ရှားပါ

 

အလုပ်စရောက်ချိန်ကတည်းက အလုပ်ဆင်းတဲ့အချိန်ထိ ကိုယ့်နေရာ ထိုင်ခုံမှာပဲ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ခြင်းကို အထူးရှောင်ရှားပါ။ သင့်ကျန်းမာရေး နှင့် ပျော်ရွှင်မှု နှစ်ခုစလုံးအတွက်က အလုပ်စားပွဲမှာ ကြာရှည်စွာ ထိုင်နေခြင်းနဲ့ လုံးဝမကိုက်ညီပါဘူး။ လမ်းလျှောက်ပါ။ အပေါ့အပါးသွားပါ။ ခြေဆန့်လက်ဆန့်လုပ်ပါ။ ထမင်းစားပြီး အပေါ့အပါးသွား လမ်းလျှောက်ခြင်းကို

သတိထားပြီး လုပ်ဆောင်ပါ။ 

 

၇. ကိုယ့်ကိုယ်ကို ဆုချပါ

 

ကိုယ့်ကိုယ်ကို ဆုချပါ။ ဆုလို့ဆိုတဲ့ နေရာမှာ အလုပ်ကပေးတဲ့ ဘောနပ်စ်၊ ဆု စတာမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်၊ တာဝန်ကြီး တစ်ခုပြီးမြောက်အောင်မြင်သွားရင် ကိုယ့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် ကိုယ်ကြိုက်တဲ့ပစ္စည်း အသုံးအဆောင်ဝယ်တာပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ်၊ လျှောက်လည်တာပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးတာပဲဖြစ်ဖြစ်  စတဲ့ ပျော်ရွှင်မှုတွေနဲ့ ကိုယ့်ကိုယ်ကို ထွေးပွေ့ကြိုဆိုလိုက်ပါ။ 

 

၈. အသက်ပြင်းပြင်းရှုပါ

 

အသက်ပြင်းပြင်းရှုပါ။ အရမ်းလွယ်ကူတဲ့နည်းလမ်းပါပဲ။အလုပ်တွေပိလို့၊ အထက်လူကြီးက ဖိအားတွေပေးလို့  စိတ်ဖိစီးမှုတွေအရမ်းများနေပြီဆိုရင် လေကောင်းလေသန့်ရတဲ့ နေရာကို သွားပါ။ ခြေထောက်နှစ်ဖက်ပေါ်အားပြုပြီး ခါးဆန့် မတ်မတ်ရပ်ပါ။ အသက်ကို ပြင်းပြင်းထန်ထန်ရှုပါ။ ရှုထုတ် ရှုသွင်းပြီး ရှေ့ကိုကွေးပါ။ ဆယ်ကြိမ်ခန့် ပြုလုပ်ကြည့်ပါ။ အနည်းငယ်စိတ်လက်ပေါ့ပါးသွားပြီး လက်ရှိ လုပ်လက်စအလုပ်ကို အာရုံပြန်စိုက်နိုင်လာတာကို တွေ့ရပါလိမ့်မယ်။

 

၉. အရာရာကို မခံစားတတ်မိပါစေနဲ့

 

အိမ်ကပြဿနာ အလုပ်ကို မသယ်သလို အလုပ်ကခံစားချက်တွေကိုလည်း အိမ်ထိမသယ်ဆောင်ပါနဲ့။ ဒီအချက်က တကယ်လိုက်လုပ်တဲ့အခါမှာ ခက်ခဲပါတယ်။ အလုပ်မှာ မြင်သမျှ ကြားသမျှ အရာတွေကိုနှလုံးသားကို မပို့ပါနဲ့။ ဦးနှောက်ထဲမှာပဲထားပါ။ လုပ်ငန်းခွင်မှာ ကိုယ့်ကိုတိုက်ခိုက်တာဖြစ်ဖြစ်၊ ဝေဖန်တာဖြစ်ဖြစ်၊ ကိုယ့်အမှားကြောင့် အဆူခံ အထောင်းခံရတာပဲဖြစ်ဖြစ် ဖြစ်သမျှကို အတွေ့အကြုံကို သင်ခန်းစာယူပြီး ဖြစ်တဲ့နေရာမှာပဲ ကိုယ့်ရဲ့ ခံစားချက်တွေကို ထားခဲ့ပါ။ ကိုယ့်ကိုယ်ကို စိတ်လက်ပေါ့ပါးအောင် နေထိုင်ခြင်းကလည်း ကျန်းမာရေးကို အထောက်အကူပြုစေပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားရာလည်း ရောက်ပါတယ်။

 

၁၀. အကောင်းမြင်တတ်ပါစေ

 

နောက်ဆုံးအချက်ကတော့ အလုပ်မှာ သင့်အတွက်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေမယ့် အရာတွေကို ရှာဖွေပါ။ ဒါက သင့်ရဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် သင့်ရုံးခန်းပြတင်းပေါက်က လှမ်းမြင်ရတဲ့ မြင်ကွင်းလှလှလေးလည်း ဖြစ်နိုင်ပါတယ်။ သင်သာလျှင် သင့်စိတ်နှလုံးရဲ့ ပဲ့ကိုင်ရှင်ပါ။ အပြုသဘောဆောင်တဲ့ဘက်ကို အမြဲဦးတည်ပြီးစဥ်းစားတွေးခေါ်တတ်ခြင်းကလည်း သင့်အတွက် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုးတွေကြားမှာ ရှုပ်ယှက်ခတ်နေတာက သင့်ကို အမြဲပူလောင်နေစေမှာပါ။ 

 

အလုပ်လုပ်ရတဲ့ နေ့ရက်တိုင်းက သင့်အတွက် ကောင်းမွန်ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင်တော့ သင့်အနေနဲ့ ပိုမို စိတ်လက်ပေါ့ပါးနိုင်ပြီး လာသမျှပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေမှာ အမှန်ပါပဲ။ 

Vocational Read 747 times