Sales Hotline : 09448001653       Download App



တောင်ကိုရီးယား ပညာရေးစစ်တမ်းအရ ညစဉ် ပျမ်းမျှအိပ်ချိန် ၇ နာရီကျော်ရှိ

တောင်ကိုရီးယားတွင် ကျောင်းသူကျောင်းသားများကို စစ်တမ်းကောက်ပြီး ဆန်းစစ်ကြည့်သောအခါ လေးပုံသုံးပုံသည် ပုဂ္ဂလိကကျူရှင် ယူကြကြောင်း သိရပါတယ်။ ကျောင်းနေအရွယ် သေဆုံးသူတွေမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့ သေဆုံးတာ အများဆုံး ဖြစ်ပါတယ်။  ကိုဗစ်ဖြစ်လို့ ပညာရေး ရပ်နားရတဲ့ကာလ မတိုင်ခင် ၂၀၁၉ ခုနှစ်မှာ ကောက်ခံခဲ့တဲ့ စစ်တမ်း ဖြစ်ပါတယ်။

ကျူရှင်တက်သည့် ရာခိုင်နှုန်း 

ကိုရီးယား အစိုးရမှ ကောက်တဲ့ နှစ်စဉ်ကောက်ခံတဲ့ စစ်တမ်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ဆန်းးစစ်ချက် ရလဒ်တွေကို ထုတ်ပြန်ပေးတာမှာ တိုင်းပြည်ရဲ့ လူငယ်လူဉီးရေဖြစ်တဲ့ အသက် ၉ နှစ်မှ ၂၄ နှစ်အထိ အသက်အပိုင်းအခြားမှာ ရှိနေကြတဲ့သူတွေရဲ့ ၇၄.၈ % က ပုဂ္ဂလိကပညာရေးကို အစိုးရကျောင်းချိန်ပြင်ပ
သင်ကြတယ်။၂၀၁၆ ခုနှစ် စစ်တမ်းမှာ အဲဒီရာခိုင်နှုန်းက ၆၇.၈ % ပဲ ရှိခဲ့ပါတယ်။ စစ်တမ်းမှာ အတန်း ဂရိတ် ၄ မှ ၆ အထိလည်း ပါဝင်တယ်။ ကိုရီးယားပညာရေးစနစ်မှာ မူလတန်းလို့ သတ်မှတ်ထားတဲ့ အဆင့် ဖြစ်ပြီး အလယ်တန်းနဲ့ အထက်တန်း အဆင့်မှာ ရှိတဲ့  ကျောင်းသူကျောင်းသားတွေလည်း စစ်တမ်းမှာ ပါဝင်တယ်။ 

မူလတန်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေက ကျူရှင်တက်သူရာခိုင်နှုန်း အကြီးမားဆုံး အုပ်စုဖြစ်ပြီး ၈၃.၅% ရှိပါတယ်။ အလယ်တန်းကျောင်းသူကျောင်းသား အုပ်စုမှာ ကျူရှင်တက်သူ ၇၁.၄ % ရှိပါတယ်။ အထက်တန်းမှာတော့ ၆၁% ရှိပါတယ်။ 

ကျူရှင်အတွက် ရက်သတ္တပတ် တစ်ပတ်တာအတွင်း သုံးစွဲတဲ့ အချိန်နာရီ စုစုပေါင်းက ၆.၅ နာရီ ရှိပြီး ယခင်နှစ်ကထက် ၀.၂ နာရီ ပိုများပါတယ်။ 

ကျူရှင်တက်ပြီး အထောက်အကူယူကြတာမှာ သင်္ချာဘာသာရပ်ကို ယူကြတာ အများဆုံး၊ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ သင်္ချာကျူရှင်တက်သူ ၄၇.၂ ရာခိုင်နှုန်း ရှိတယ်။ အင်္ဂလိပ်စာ ကျူရှင်တက်သူဦးရေ ဒုတိယအများဆုံးဖြစ်ပြီး ၄၄.၁%  ရှိပါတယ်။ ကိုရီးယားစာ တက်သူ ၂၁.၃% ရှိပါတယ်။ 

ပညာရေးစွမ်းရည်

ကိုရီးယား ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးစွမ်းရည် ဖြစ်တဲ့ စာဖတ်ခြင်း၊ သင်္ချာနဲ့ သိပ္ပံဗဟုသုတတွေကို Programme for International Student Assessment (PISA) တိုင်းတာဆန်းစစ်ခဲ့တာမှာ အိုအီးစီဒီ အဖွဲ့ဝင်နိုင်ငံ ၃၇ နိုင်ငံမှာ အမြင့်တန်းအဆင့်မှာ ရှိကြောင်း တွေ့ရပါတယ်။  

ကျေနပ်လေးစားသမှု ရှိခြင်း

စစ်တမ်းဖြေဆိုသူ ကျောင်းသူကျောင်းသားတွေမှာ ၇၅% က ကျောင်းသူကျောင်းသားဘဝကို ကျေနပ်ကြောင်း ဖြေကြတယ်။ မိမိနဲ့ အတန်းတူသူတွေက မိမိကို တလေးတစား ရှိပြီး မိမိကလည်း သူတို့ကို တလေးတစား ရှိတယ်လို့ ဖြေဆိုသူ ၉၃.၃% ရှိပါတယ်။ သူတို့ရဲ့ ဆရာဆရာမတွေက သူတို့ကို လေးစားတယ်လို့ ခံစားမိသူ ၉၂.၇% ရှိပါတယ်။ ကျေနပ်အားရမှုမှာ မူလတန်း ကျောင်းသူကျောင်းသားတွေအကြားမှာ အများဆုံးဖြစ်ပြီး ၈၂.၇% ရှိပါတယ်။ အလယ်တန်းကျောင်းသူကျောင်းသားတွေ အကြားမှာ ၇၆.၃% ရှိပြီး အထက်တန်းမှာတော့ ၇၁.၁% ရှိပါတယ်။ 

စိတ်ဓာတ်ကျခြင်း 

ကျောင်းစာကြောင့် စိတ်ဖိစီးမှု ရှိတယ်လို့ ပြောတဲ့ ကျောင်းသူကျောင်းသားတွေ အလယ်တန်းနဲ့ အထက်တန်းတို့မှာ ၄၀% ဝန်းကျင် ရှိပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ စိတ်ဓာတ်ကျမိတာ တစ်ကြိမ်ထက် ပိုတဲ့သူက ၂၈.၂% ရှိပါတယ်။ 

တစ်ညအိပ်ချိန်

ကျောင်းသူကျောင်းသားတွေရဲ့ အိပ်ချိန်ကိုလည်း စစ်တမ်းမှာ ထည့်သွင်းမေးမြန်းထားပါတယ်။ ပျမ်းမျှအားဖြင့် တစ်ည ၇.၃ နာရီ အိပ်ချိန် ရှိတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေမှာတော့ ပျမ်းမျှအားဖြင့်  ၆ နာရီပဲ ရှိပြီး ၄၆% က အိပ်ချိန် ၆ နာရီထက် နည်းတဲ့သူတွေ ဖြစ်ပါတယ်။ 

ကာယလေ့ကျင့်ခန်း

စစ်တမ်းမှာ တွေ့ရှိတဲ့ အချက်တစ်ချက်က ကျောင်းသူကျောင်းသားတွေဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မရှိကြတာ ဖြစ်ပါတယ်။ သီတင်းပတ်တစ်ပတ်မှာ ပုံမှန် ကာယလေ့ကျင့်ခန်းယူသူဦးရေက အထက်တန်း ကျောင်းသူကျောင်းသားတွေအကြားမှာ ၄၀.၁% ပဲ ရှိပါတယ်။ အလယ်တန်းကျောင်းသူကျောင်းသားတွေ အကြားမှာတော့ ၅၁.၄% ရှိပြီး မူလတန်းမှာ ၇၅.၅% ရှိပါတယ်။ 

သေဆုံးနှုန်း 

ကျောင်းနေအရွယ် သေဆုံးနှုန်းက ၂၀၁၈ ခုနှစ်မှာ ယခင်နှစ်ထက် ၃.၈% ပိုများလာခဲ့တယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ၂၀၁၇ ခုနှစ်အထိ အကျဘက်သို့ ဦးလှည့်နေရာမှ ၂၀၁၈ ခုနှစ်မှာ ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းများတွင် သတ်သေခြင်းက အများဆုံးဖြစ်ပြီး မတော်တဆထိခိုက်မှုကြောင့် သေဆုံးရခြင်းက ဒုတိယ အများဆုံးနဲ့ ကင်ဆာကြောင့် သေဆုံးရခြင်းက တတိယ အများဆုံး ဖြစ်ပါတယ်။ လိင်အမျိုးအစားအရ ကြည့်လျှင် သေဆုံးသူ ၁၀ ဦးမှာ ၆ ဦးက ယောက်ျားလေးတွေ ဖြစ်ပါတယ်။ 
 

Source: m-en.yna.co.kr

International News Read 1301 times