ချူလာလောင်ကွန်းတက္ကသိုလ် ဥပဒေဌာနမှာ 3+1 ပညာရေးပရိုဂရမ်အသစ် လုပ်ဆောင်

ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်ဖြစ်သည့် ချူလာလောင်ကွန်းတက္ကသိုလ်သည် နှစ်စဉ်နိုင်ငံတကာကျောင်းသားဦးရေ ပိုတိုးလာသောကြောင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုဖြစ်လာသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိ တက္ကသိုလ်၏ ပညာရေးဆိုင်ရာ ပရိုဂရမ်များနှင့် အတန်းအားလုံးတွင် ကျောင်းသားပေါင်း (၄၁,၀၀၀) ကျော်ရှိပြီး နိုင်ငံတကာကျောင်းသား (၃,၂၀၀) ခန့် လက်ခံထားသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတကာကျောင်းသားများကို ထပ်မံလက်ခံသွားမည်ဟုလည်း သိရသည်။

"တက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားတွေကို ဆွဲဆောင်ဖို့ စိန်ခေါ်မှုတွေ များလာတယ်" ဟု ချူလာလောင်ကွန်းတက္ကသိုလ်၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာပေးရေး ဒုဥက္ကဌ ပါမောက္ခ Parichart Sthapitanonda က ပြောသည်။

"ဒါကြောင့် ချူလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ဆရာတွေအတွက် အတွေ့အကြုံအသစ်တွေ ရရှိအောင် ကြိုးစားနေပါတယ်။

ဥပဒေဌာနမှာ မကြာသေးမီက 3+1 ပညာရေးပရိုဂရမ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းသားတွေဟာ ပထမသုံးနှစ်ကို ဘန်ကောက်မှာ တက်ရောက်ပြီး နောက်ဆုံးနှစ်ကို နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ တက်ရောက်ကာ တက္ကသိုလ်နှစ်ခုကနေ ဘွဲ့နှစ်ဘွဲ့ရမယ့် အစီအစဉ်ဖြစ်ပါတယ်။" ဟု ပါမောက္ခ Parichart Sthapitanonda က ပြောကြားခဲ့သည်။

QS World University Rankings အရ ချူလာလောင်ကွန်းတက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်အဖြစ် (၁၄) နှစ်ဆက်တိုက် ရပ်တည်နေသော်လည်း အရှေ့တောင်အာရှနှင့် အခြားကမ္ဘာ့အဆင့်မြင့်ပညာရေးတို့တွင် ယှဉ်ပြိုင်နေရဆဲဖြစ်သည်။

မလေးရှားရှိ ရှေးအကျဆုံး အဆင့်မြင့်ပညာကျောင်းဖြစ်သည့် Universiti Malaya သည်လည်း ချူလာလောင်ကွန်းတက္ကသိုလ်နှင့် တူညီသည့် ရည်မှန်းချက်များ ရှိသည်။

ပါမောက္ခ Yahaya Bin Ahmad က ချူလာလောင်ကွန်းတက္ကသိုလ်မှ ဧည့်သည်တော်များနှင့် တွေ့ဆုံစဉ် "ငါတို့ရဲ့ ဘွဲ့ကြိုကျောင်းသားတွေက ဘွဲ့မရမီ အနည်းဆုံး တစ်ကြိမ် နိုင်ငံခြားကို ပညာတော်သင် သွားနိုင်ရပါမယ်။ ဒီအတွက်လည်း ငွေကြေးအကူအညီ ထောက်ပံ့ပေးမယ်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသည် ချူလာလောင်ကွန်တက္ကသိုလ်နှင့် ကျောင်းသား/ဆရာ ဖလှယ်ရေးပရိုဂရမ်များ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Source - Bangkok Post

International News Read 12 times