ကမ္ဘာတစ်ဝှမ်း ကျောင်းပြင်ပရောက်ကလေး သန်း (၂၇၀) ကျော်ရှိလာ

ကမ္ဘာတစ်ဝှမ်း ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေး လူဦးရေသည် ခန့်မှန်းခြေ (၂၇၂) သန်းရှိကြောင်း UNESCO ၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GEM) မှ သိရသည်။

ယခုလို မြင့်တက်လာရသည့် အဓိက အကြောင်းအရင်း (၂) ခုရှိပြီး ပထမအကြောင်းမှာ လူဦးရေ (၈) သန်းခန့် ကျောင်းတက်ရောက်မှုမရှိခြင်းကြောင့်ဖြစ်သည်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဖဂန်နစ္စတန်တွင် မိန်းကလေးများကို အထက်တန်းတက်ရောက်ရန် ပိတ်ပင်ထားခြင်းကြောင့်လည်း ပါသည်။

ဒုတိယအကြောင်းမှာ ၂၀၂၅ ခုနှစ်တွင် အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကျောင်းနေအရွယ်ကလေးများ (၄၉) သန်း ပိုများလာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည့်အတွက် ကျောင်းပြင်ပရောက် ကျောင်းသားအရေအတွက်သည်လည်း (၁၃) သန်း ပိုတိုးလာနိုင်သည်။

စစ်ပွဲများနှင့် ပဋိပက္ခများသည့် ဒေသများတွင် တိကျသော အချက်အလက်များ စုဆောင်းရန် ခက်ခဲသောကြောင့် ကျောင်းမတက်သော ကလေးအရေအတွက် အစစ်အမှန်သည် ခန့်မှန်းထားသည်ထက် ပိုများနိုင်သည်။

အစီအရင်ခံစာအရ မူလတန်းကျောင်းနေအရွယ်ကလေး (၁၁%) အရေအတွက်အားဖြင့် (၇၈) သန်း၊ အလယ်တန်းကျောင်းနေအရွယ်ကလေး (၁၅%) အရေအတွက်အားဖြင့် (၆၄) သန်းနှင့် အထက်တန်းကျောင်းနေအရွယ်ကလေး (၃၁%) အရေအတွက်အားဖြင့် သန်း (၁၃၀) သည် ကျောင်းတက်ရောက်ခြင်းမရှိကြောင်း သိရသည်။

SDG 4 ပန်းတိုင်တွင် နိုင်ငံများသည် ၎င်းတို့၏ ပညာရေးရည်မှန်းချက်များ ပြည့်မီပါက ၂၀၃၀ ခုနှစ်တွင် ၎င်းတို့၏ ကျောင်းပြင်ပလူဦးရေ (၁၆၅) သန်းကို စုပေါင်းလျှော့ချမည်ဟု ဖော်ပြထားသည်။

သို့သော် ၂၀၂၅ ခုနှစ်တွင် နိုင်ငံများ စုပေါင်းပြီး ကျောင်းပြင်ပရှိ ကျောင်းသားဦးရေ (၇၅) သန်းကို လျှော့ချမည်ဟု စီစဉ်ခဲ့သော်လည်း ယခုထိ သက်ဆိုင်ရာနိုင်ငံအလိုက် တားဂတ်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ကျောင်းပြင်ပရောက် ကျောင်းသားဦးရေသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် တိုင်းတာထားသည့် (၂၅၁) သန်းကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် (၂၇၂) သန်းအထိ တိုးလာပြီး လူဦးရေ (၂၁) သန်းကျော် မြင့်တက်လာသည်။

Source - The Hindu, UNESCO

International News Read 169 times