UN အဆိုအရ ကမ္ဘာတစ်ဝှမ်းတွင် ကျောင်းမနေရ ကလေး ၂၅၁ သန်း ရှိနေ

 

ဆယ်စုနှစ်များစွာအတွင်း ပညာရေးတိုးတက်မှုနှင့် နိုင်ငံတကာကတိကဝတ်များ ရှိခဲ့သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ ကလေးနှင့် လူငယ် (၁) ဘီလီယံ၏ လေးပုံတစ်ပုံသည် ကျောင်းပြင်ပတွင် ရှိနေကြောင်း ယူနက်စကို၏ နောက်ဆုံးထုတ် ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအရ သိရသည်။

 

နိုင်ငံတကာမှ ပညာရေးအတွက် ကြိုးပမ်းအားထုတ်မှုများကြောင့် (၁၀) နှစ်နီးပါးတွင် ကျောင်းမနေရသော လူဦးရေသည် (၁) ရာခိုင်နှုန်းသာ လျော့ကျသွားသော်လည်း စိုးရိမ်ဖွယ်ရှိကြောင်း တွေ့ရှိချက်အရ သိရသည်။ 

 

"ပညာရေးသည် သာယာ၀ပြောပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သည့် ကဏ္ဍဖြစ်သည်။" ဟု ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ပြောကြားခဲ့သည်။

 

ထို့နောက် ကမ္ဘာတစ်ဝှမ်းရှိ ကလေးတိုင်းကို ပညာသင်ယူပြီး ရှင်သန်ကြီးထွားနိုင်ရန် တူညီသော အခွင့်အရေးများ ပေးသင့်ကြောင်းနှင့်  တူညီသော အခွင့်အရေး မလုပ်ဆောင်ပါက အချို့သော ကလေးများအတွက် အရည်အသွေးရှိသော ပညာရေးသည် အခက်အခဲတစ်ခု ဖြစ်နိုင်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွင် ပါဝင်သည့် ပညာရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ချမှတ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ကလေးပေါင်း သန်း ၁၁၀ ကျောင်းတက်ရောက်နိုင်ခဲ့သည်။

 

ကလေးသူငယ်များ ကျောင်းရောက်ရှိမှု တိုးတက်နှုန်းကို ပြသနေပြီး ၂ဝ၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလယ်တန်းကျောင်းပြီးသည့် လူငယ်ဦးရေ သန်း ၄၀ ပိုများလာသည်။ သို့သော်လည်း ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံတို့ကြား ကွာဟချက်မှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေသေးသည်။

 

အစီရင်ခံစာအရ ဝင်ငွေနည်းသော နိုင်ငံများတွင် ကျောင်းမတက်နိုင်သည့် ကျောင်းနေအရွယ် ကလေးများနှင့် လူငယ် ၃၃ ရာခိုင်နှုန်း ရှိပြီး  ဝင်ငွေမြင့်မားသော နိုင်ငံများတွင် ၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

 

အာဖရိက ဆာဟာရအောက်ပိုင်းတွင် ကျောင်းမနေရသည့် ကလေးဦးရေမှာ ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းမနေရသည့် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်အားလုံး၏ ထက်ဝက်ကျော် ရှိနေပြီး အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း အဆိုပါ အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။

 

ယူနက်စကို၏ ကမ္ဘာ့ဘဏ် ပညာရေးဘဏ္ဍာရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဒုတိယ အစီရင်ခံချက်အရ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းသည် ပညာရေးတွင် အဓိက အတားအဆီးဖြစ်ကြောင်း သိရသည်။ ပညာရေးအသုံးစရိတ် ကွာဟမှုမှာ သိသိသာသာ မြင့်တက်နေပြီး ဝင်ငွေ မြင့်မားသော နိုင်ငံများတွင် ကျောင်းသားတစ်ဦးလျှင် ၈,၅၄၃ ဒေါ်လာ ရင်းနှီးမြှုပ်နှံပြီး ဝင်ငွေနည်းနှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများတွင် ကျောင်းသားတစ်ဦးလျှင် ၅၅ ဒေါ်လာသာ ရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  

 

ကြွေးမြီးဝန်ထုပ်ဝန်ပိုးကြောင့်လည်း ပညာရေးကို ပိုမိုခက်ခဲစေပါသည်။ အာဖရိကတွင် နိုင်ငံအများအပြားသည် အကြွေးဆပ်ရာတွင် ပေးရသည့် ပမာဏနှင့် ပညာရေးတွင် သုံးစွဲသည့် ပမာဏ တူညီလုနီးပါးဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ပညာရေးအတွက် ကမ္ဘာတစ်ဝှမ်းမှ ငွေကြေးအကူအညီသည် ၂၀၁၉ ခုနှစ်တွင် ၉.၃% မှ ၂၀၂၂ ခုနှစ်တွင် ၇.၆% သို့ ကျဆင်းသွားခဲ့သည်။ 

 

ထို့ကြောင့် ယူနက်စကိုသည် G20 အဖွဲ့၏ ခေါင်းဆောင် ဘရာဇီးလ်နှင့်အတူ ပညာရေးရန်ပုံငွေအတွက် နည်းလမ်းအသစ်များကို ရှာဖွေနေသည်။ သူတို့ အကြံပြုထားတာကတော့ “အကြွေးနဲ့ ပညာရေး ဖလှယ်မှု” ပါ။ ဆိုလိုသည်မှာ နိုင်ငံများသည် အကြွေးပြန်ဆပ်မည့်အစား ထိုငွေကို ပညာရေး တိုးတက်ရန်အတွက် အသုံးပြုနိုင်သည်။

 

Source - UN News 

 

International News Read 51 times