အမေရိကန်က မြန်မာအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်မှုတွင် ပညာရေးဗီဇာများလည်း ပါဝင်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံက  နိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ပိတ်သည့် အမိန့်ကို သမ္မတထရမ့်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ဇွန် (၄) ရက်နေ့မှာ  ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်ကို ရောက်ပြီးသည့်နောက် ရက်ကျော်နေထိုင်သည့် မြန်မာနိုင်ငံသားများ များပြားနေသောကြောင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်သည့်စာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်စာတွင် ပါဝင်သည်။

အလည်အပတ်ဗီဇာနှင့် ပညာရေးဗီဇာများကို ကိုင်ဆောင်ထားသည့်သူများသည် အများဆုံး ရက်ကျော်နေထိုင်သူများဖြစ်သည်။ ပညာသင်ကြားရေး၊ သက်မွေးပညာ၊ ပညာရေးဖလှယ်ပွဲ၊ ထရိန်နင်စသည့် (F၊ M၊ J) ဗီဇာနှင့် ရက်လွန်နေထိုင်သူ (၄၂.၁၇)% ရှိပြီး စီးပွားရေးဆိုင်ရာဗီဇာ၊ ခရီးသွားဗီဇာ (B1၊ B2) တို့နှင့် ရက်ကျော်နေထိုင်သူ (၂၇.၇)% အထိ ရှိပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံက နိုင်ငံသားပယ်ဖျက်ခံရသူများကို ပြည်တွင်းပြန်ပို့ရန် လုပ်ဆောင်ချက်ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အတွက် ယခုလို ပိတ်ပင်သည့်စာရင်းတွင် ထည့်သွင်းခဲ့သည်ဟု ဆိုသည်။

အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်မှုတွင် ၎င်းတို့ ချွင်းချက်ထားဝင်‌ရောက် ခွင့်ပြုသူမှလွဲ၍ ကျန်သည့် ဗီဇာအမျိုးအစားများအားလုံးနီးပါးကို ပိတ်ပင်ခြင်း ဖြစ်ပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့မှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယဲရာလီယွန်၊ တိုဂို၊ တာ့ခ်မန်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ (၇) နိုင်ငံမှ ခရီးသွားများအပေါ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ဝင်ခွင့်ပိတ်ပင်မှုနှစ်ခုစလုံးမှာ လာမည့် ဇွန် (၉) ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး ခရီးသွားလာခွင့် ပိတ်ပင်ရခြင်းမှာလည်း နိုင်ငံခြားသားများ အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်ခြင်းနှင့် တရားမဝင်နေထိုင်သူများလာခြင်းကြောင့်ဖြစ်သည်ဟု အမေရိကန်အစိုးရမှ ပြောဆိုထားသည်။

ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရသည့် နိုင်ငံသားများထဲမှ အမေရိကန်တွင် ဥပဒေနှင့်အညီ နေထိုင်သူများ၊ သက်တမ်းမကုန်သေးသည့် ဗီဇာကိုင်ဆောင်ထားသူများနှင့် အမေရိကန် အကျိုးစီးပွားအတွက် အကူအညီပေးရန် ရောက်ရှိနေကြသူများကိုသာ ကင်းလွတ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် မေ (၂၂) ရက်နေ့ကလည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သည့် ဟားဗက်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသား တက်ရောက်သင်ကြားခွင့်ကို ပိတ်သိမ်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article

Source - White House Fact Sheet 

International News Latest Post Read 32 times