ဘဏ္ဍာရေးအကျပ်အတည်းများကြော့င် လာမည့် (၁၂) လအတွင်း ဗြိတိန်တက္ကသိုလ် (၂၄) ခုမှာ အကြွေးမဆပ်နိုင်ဘဲ ဒေဝါလီခံရမည့် အန္တရာယ်ရှိနေကြောင်း ပညာရေးဆိုင်ရာ ရွေးချယ်ရေးကော်မတီက ယခုသီတင်းပတ်အတွင်း သတိပေးခဲ့သည်။
ထိုတက္ကသိုလ်များသည် လက်ရှိတွင် ဝန်ထမ်းအင်အားလျှော့ချခြင်း၊ သင်တန်းများ ပိတ်သိမ်းခြင်း၊ အဆောက်အအုံနှင့် မြေနေရာများကို လွှဲပြောင်းရောင်းချနေရခြင်း စသည့် ဘဏ္ဍာရေး အကျပ်အတည်းများကြားတွင် ရောက်ရှိနေကြောင်း ကော်မတီက ပြောကြားခဲ့သည်။
အကယ်၍ တက္ကသိုလ်များက ၎င်းတို့၏ အကြွေးများကို မဆပ်နိုင်ပါက အစိုးရအနေဖြင့် ကျောင်းသားများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း အဆိုပါ အစီရင်ခံစာက ထောက်ပြထားသည်။
ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပညာရေးဝန်ကြီးဌာန (DfE) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကျောင်းသားများနှင့် စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်စွာ ဆောင်ရွက်ပေးနေသည့် တက္ကသိုလ်များကို ပံ့ပိုးကူညီရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဘဏ္ဍာရေး အခက်အခဲဆုံးနှင့် ရင်ဆိုင်နေရသည့် တက္ကသိုလ် (၂၄) ခုမှာ မည်သည့်ကျောင်းများဖြစ်သည်ကို ပညာရေးကော်မတီက တိတိကျကျ ဖော်ပြထားခြင်းမရှိပါ။ အဆိုပါ တက္ကသိုလ် (၂၄) ခုအနက် (၇) ခုမှာ တစ်ကျောင်းလျှင် ကျောင်းသားဦးရေ (၃,၀၀၀) ကျော်စီကို ပညာသင်ကြားပေးနေသည်ဟု သိရသည်။
ထို့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများ၏ (၄၅) ရာခိုင်နှုန်းခန့်မှာလည်း ဘဏ္ဍာရေးလိုငွေပြမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အင်္ဂလန်ရှိ တက္ကသိုလ်နှင့်ကောလိပ်များကို စစ်ဆေးကြပ်မတ်ပေးသည့် ကျောင်းသားရေးရာရုံး (OFS) က ပြောကြားခဲ့သည်။
အကယ်၍ ဒေဝါလီခံရမည့် အခြေအနေမျိုး ပေါ်ပေါက်လာပါက ကျောင်းသားများ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သူများအားလုံးကို ကာကွယ်စောင့်ရှောက်ပေးမည့် အစီအစဉ်များကို ချမှတ်ပေးရန်နှင့် တည်ဆောက်ပုံပြန်လည်ပြင်ဆင်ခြင်း၊ အခြားအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းခြင်း၊ တိုက်ရိုက်ဘဏ္ဍာရေး ပံ့ပိုးကူညီမှုပေးခြင်း သို့မဟုတ် စနစ်တကျ လုပ်ငန်းရပ်နားခြင်း အပါအဝင် လုပ်ဆောင်နိုင်မည့် ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို အစိုးရအနေဖြင့် ဖော်ဆောင်ရန် လွှတ်တော်အမတ်များက အကြံပြုတိုက်တွန်းခဲ့ကြသည်။
ထို့အပြင် ဘဏ္ဍာရေး အဆင်မပြေဖြစ်နေသော အဖွဲ့အစည်းတစ်ခုအနေဖြင့် ၎င်း၏ ပိုင်ဆိုင်မှုများကို ချက်ချင်းစာရင်းရှင်းလင်းပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရသည့် အခြေအနေမျိုး မဖြစ်စေရန်အတွက် အကြွေးမဆပ်နိုင်သေးသည့် တက္ကသိုလ်/ကောလိပ်များအနေဖြင့် လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန် အာမခံမည့် ဥပဒေတစ်ရပ် ပြဌာန်းပေးပါရန်လည်း ၎င်းတို့က အစိုးရထံ တောင်းဆိုခဲ့ကြသည်။
Source - Independent , The Tab