ယနေ့ခေတ် တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးနယ်ပယ်မှာ နည်းပညာအခန်းကဏ္ဍကလည်း မပါမဖြစ် လိုအပ်လာပါတယ်။ နည်းပညာကို အသုံးပြုပြီး ဆရာတွေရဲ့ သင်ကြားမှုပုံစံနဲ့ ကျောင်းသားတွေရဲ့ သင်ယူမှုပုံစံကို ပြောင်းလဲနိုင်ပါတယ်။
လက်တွေ့ဘ၀မှာ ဆရာ (၈၅)% လောက်က စာသင်ကြားတဲ့အခါ ဒစ်ဂျစ်တယ်ကိရိယာတွေကို အသုံးပြုခြင်းဟာ ကျောင်းသားတွေရဲ့ လေ့လာနိုင်စွမ်းနဲ့ တက်ကြွပါဝင်မှုကို အထောက်အကူပြုကြောင်း လက်ခံထားကြပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ ဆရာတွေအတွက် ပညာရေးဆိုင်ရာ အတွေ့အကြုံကောင်းတွေကို ပေးဆောင်မယ့် အသုံးဝင်ဆုံး ဒစ်ဂျစ်တယ်ကိရိယာ (၁၀) ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ Kahoot
ဂိမ်းကို အခြေခံထားတဲ့ သင်ကြားရေးပလပ်ဖောင်းတစ်ခုဖြစ်တဲ့အတွက် Kahoot ကို သုံးမယ်ဆိုရင် ပျော်စရာကောင်းတဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်မှာပါ။ သူ့မှာ အဆင်သင့် ဝင်ဆော့လို့ရတဲ့ ပညာရေးဆိုင်ရာ ဂိမ်းအမျိုးအစားပေါင်း များစွာရှိသလို ဆရာတွေဘက်ကလည်း ဉာဏ်စမ်းမေးခွန်းတွေ၊ ဆာဗေးတွေကို ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။
ကျောင်းသားတွေအတွက်လည်း စာလုပ်ရင်း ဂိမ်းကစားရတာဖြစ်တဲ့အတွက် သင်ယူရေးမှာ ပျောမွေ့လာပြီး ဆရာတွေအနေနဲ့လည်း ကိုယ်သင်လိုက်တဲ့စာတွေကို သူတို့ဘယ်လောက်နားလည်လဲဆိုတာကို စစ်ဆေးရာရောက်ပါတယ်။
၂။ Google Classroom
Google Classroom ကိုတော့ အွန်လိုင်းသင်ကြားရေးမှာ ဆရာတွေတော်တော်များ သုံးကြတာ တွေ့ရပါတယ်။ သူက သုံးရတာ လွယ်ကူတဲ့ သင်ကြားရေးစီမံခန့်ခွဲမှုစနစ် (LMS) တစ်ခုဖြစ်ပြီး အိမ်စာတွေ၊ ဉာဏ်စမ်းမေးခွန်းတွေနဲ့ တခြားအကြောင်းအရာတွေကို ကျောင်းသားတွေနဲ့အတူ ဖန်တီးမျှဝေနိုင်ပါတယ်။
Google Classroom ကို သုံးပြီး ကျောင်းသားတွေကလည်း ဆရာတွေပေးလိုက်တဲ့ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဆရာတွေဘက်ကလည်း အမှတ်တွေ၊ အကြံပြုချက်တွေကို ပြန်လည်ပေးဆောင်နိုင်ပါတယ်။ Google Classroom အပြင် Google Drive နဲ့ Google Docs တို့လို တခြား Google ကိရိယာတွေကိုလည်း သင်ကြားရေးမှာ အသုံးပြုနိုင်ပါတယ်။
၃။ Edpuzzle
Edpuzzle ကတော့ စာသင်ကြားနေသူတွေအတွက် ဘယ်လိုဗီဒီယိုမျိုးကိုမဆို သင်ခန်းစာအဖြစ် အလွယ်တကူ ပြောင်းလဲလို့ရတဲ့ ဒစ်ဂျစ်တယ်ကိရိယာတစ်ခုဖြစ်ပါတယ်။ ဆရာတွေဟာ အွန်လိုင်းဗီဒီယိုတစ်ခု (သို့) ကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုမှာ အသံတွေ၊ မှတ်စုတွေ၊ မေးခွန်းတွေ ပေါင်းထည့်ပြီး ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ သင်ယူမှုအတွေ့အကြုံတစ်ခု ဖန်တီးပေးနိုင်ပါတယ်။
Edpuzzle မှာ YouTube၊ Khan Academy နဲ့ National Geographic တို့လို အွန်လိုင်းအရင်းမြစ်တွေမှ ဗီဒီယိုများစွာ စုစည်းပါရှိပြီး ဗီဒီယိုတွေကို တည်းဖြတ်ခြင်းနဲ့ စိတ်ကြိုက်ပြင်ဆင်ခြင်းအတွက် လုပ်ဆောင်နိုင်တဲ့ ကိရိယာအဖြစ် သုံးနိုင်ပါတယ်။
၄။ Scorative
Scorative က ကျောင်းသားတွေအတွက် ဉာဏ်စမ်းမေးခွန်းတွေ၊ အကဲဖြတ်စစ်ဆေးမှုတွေကို ဖန်တီးနိုင်မယ့် ကိရိယာတစ်ခုဖြစ်ပါတယ်။ Scorative မှာ ဝင်ဖြေထားတဲ့ ကျောင်းသားတွေရဲ့ အဖြေတွေကို ဆရာတွေက ချက်ချင်းသိနိုင်တာဖြစ်တဲ့အတွက် သင်ခန်းစာတွေကိုလည်း လိုအပ်သလို ချိန်ညှိပေးနိုင်ပါတယ်။
ကျောင်းသားတွေရဲ့ အဖြေနဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပြီး ကျောင်းသားတစ်ဦးချင်းစီရဲ့ အခြေအနေကို သိရှိနိုင်တဲ့အပြင် ပိုမိုတိုးတက်လာစေဖို့လည်း အပြောင်းအလဲတွေ လုပ်ဆောင်နိုင်မှာပါ။ Scorative မှာ ဆရာတွေအချင်းချင်းလည်း ဉာဏ်စမ်းမေးခွန်းတွေကို မျှဝေလို့ရပြီး တခြားဆရာတွေ ဖန်တီးထားတဲ့ စာမေးပွဲမေးခွန်းတွေလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
၅။ PowerPoint
အွန်လိုင်းသင်ကြားရေးအတွက်ဖြစ်ဖြစ်၊ စာသင်ခန်းအတွင်းမှာ လူချင်းတွေ့ဆုံသင်ကြားရေးအတွက်ဖြစ်ဖြစ် စာအုပ်ကြီးကိုင်ပြီး ရှင်းပြရတာထက် Presentation Slides တွေ အသုံးပြုမယ်ဆိုရင် သင်ကြားရေးမှာ ပိုမိုထိရောက်မှုရှိစေမှာပါ။ ကျောင်းသားတွေအနေနဲ့လည်း စာချည်းပဲထက် ပုံလေးတွေ၊ အချက်အလက်တွေကို မြင်ရမယ်ဆိုရင် အကြောင်းအရာကို ပိုမိုနားလည်နိုင်ပြီး စိတ်ဝင်စားမှုရှိမှာပါ။
Presentation Slides တွေအတွက်ဆို Powerpoint အပြင် Google Slides နဲ့ Canva တို့ကို အသုံးပြုပြီး ပုံတွေ၊ အန်နီမေးရှင်းတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးနိုင်သလို ရှိပြီးသား Template တွေကို အသုံးပြုပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။
၆။ Zoom
Zoom ကတော့ အွန်လိုင်းသင်ကြားရေးအတွက် မရှိမဖြစ်အသုံးဝင်တဲ့ အွန်လိုင်းစာသင်ခန်းတစ်ခုဖြစ်ပါတယ်။ ဆရာတွေဟာ ကျောင်းသားတွေနဲ့ အချိန်နဲ့တပြေးညီ သင်ခန်းစာတွေကို မျှဝေသင်ကြားနိုင်မှာဖြစ်ပါတယ်။ Zoom မှာ သင်ကြားရေးအတွက် များစွာအသုံးဝင်တဲ့ အင်္ဂါရပ်တွေ ပါဝင်ပါတယ်။
Screen မျှပြီး Presentation Slides တွေ ပြသနိုင်ခြင်း၊ အဖွဲ့ခွဲပြီး Group Activity တွေ လုပ်နိုင်ခြင်း၊ Whiteboard အသုံးပြုပြီး စာရှင်းနိုင်ခြင်း စတဲ့ ကျောင်းသားနဲ့ ဆရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အင်္ဂါရပ်များစွာကိုလည်း ပံ့ပိုးပေးထားပြီး သင်ကြားရေးနဲ့ သင်ယူမှုအတွက် ကောင်းမွန်တဲ့ ကိရိယာဖြစ်ပါတယ်။ Zoom နဲ့ အကျွမ်းတဝင်မရှိလို့ အသုံးပြုပုံကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ အောက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
>> https://www.edge.com.mm/article/-zoom.html
၇။ Magic School
Magic School က ဆရာ၊ ဆရာမတွေအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ အကဲဖြတ်စစ်ဆေးခြင်း၊ အမှတ်ပေးစည်းမျဉ်းရေးဆွဲခြင်း၊ စာသင်ခန်းစီမံခန့်ခွဲခြင်း စတဲ့ တာဝန်တွေကို လုပ်ဆောင်ပေးမယ့် သင်ကြားရေးသုံး AI tool တစ်ခု ဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေအနေနဲ့ မတူညီတဲ့ Tool box တွေကနေတဆင့် လိုသလို အသုံးပြုနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပြီး စာသင်ခန်းအတွင်း Productivity ကို မြှင့်တင်ပေးနိုင်ပါတယ်။ AI Chatbot လည်း ပါဝင်တာကြောင့် မေးလိုသမျှကို မေးမြန်းနိုင်ပြီး Worksheet တွေ၊ Multiple Choice တွေ၊ Quizz တွေကိုလည်း လိုအပ်သလို ဖန်တီးနိုင်ပါတယ်။
>> https://app.magicschool.ai/tools
၈။ Audio Pen
Audio Pen ဆိုတာ အသံကို စာသားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ AI tool တစ်ခုဖြစ်ပါတယ်။ အချက်အလက်တွေကို ကိုယ်တိုင်စာရေးပြီး မှတ်သားထားစရာမလိုဘဲ AI က အလိုအလျောက် မှတ်စုတွေ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာ (သို့) အစည်းအဝေးကနေ ပြောသမျှကို Record လုပ်ပြီး Audio Pen နဲ့ အချက်အလက်တွေ ရရှိနိုင်ပါတယ်။
Text ကို File အနေနဲ့ ထုတ်ပေးမှာဖြစ်တဲ့အတွက် တခြားသူများကို အလွယ်တကူ မျှဝေလို့ရသလို ကိုယ်တိုင်လည်း Edit ပြန်လုပ်လို့ ရပါတယ်။ ဒါ့အပြင် ဘာသာစကားအမျိုးမျိုးကိုလည်း ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် Translate လုပ်လို့ရတဲ့ Feature လည်း ပါဝင်ပါတယ်။
၉။ Curipod
Curipod ဆိုတာကတော့ ဆရာတွေအတွက် ကျောင်းသားတွေ စိတ်ဝင်စားစေမယ့် သင်ခန်းစာပုံစံတွေကို ဖန်တီးပေးနိုင်ပါတယ်။ ခေါင်းစဉ်တစ်ခု ရိုက်ထည့်လိုက်တာနဲ့ ကျောင်းသားတွေရဲ့ အတန်းအလိုက် သင်ယူမှုလိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် သင်ခန်းစာတွေ၊ ရုပ်ပုံတွေ၊ မေးခွန်းတွေကို ထုတ်ပေးပါတယ်။
Start Lesson ကို နှိပ်လိုက်ရင် QR code ပေါ်လာမှာဖြစ်ပြီး ကျောင်းသားတွေကို သူတို့ ဖုန်းကတဆင့် ဝင်ခိုင်းပြီး ဖြေခိုင်းလို့ရတာကြောင့် အချိန်နဲ့တပြေးညီ ကျောင်းသားတွေရဲ့ တုံ့ပြန်မှုကို သိရမှာပါ။ နောက်ပြီး မိမိလုပ်ထားတဲ့ Presentation Slide က အဆင်မပြေဖြစ်နေရင်လည်း Curipod ကို ပြန်ပြင်ခိုင်းလို့ ရပါတယ်။
၁၀။ Teaching with AI
Open AI က ထုတ်ထားတာ မကြာသေးတဲ့ "Teaching with AI" ဆိုတာ စာသင်ကြားသူတွေကို သူတို့စာသင်ခန်းအတွင်း ChatGPT ကို အသုံးပြုတဲ့အခါ ကူညီပေးဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ChatGPT ကိုမှ Teaching အတွက်သီးသန့် မေးမြန်းနိုင်မယ့်ပုံစံပါ။
အမေးအဖြေ လုပ်လို့ရတဲ့အပြင် လမ်းညွှန်အကြုံပြုချက်တွေ၊ ChatGPT အလုပ်လုပ်ပုံ၊ Prompt တွေ ရေးသားပုံ၊ ChatGPT မှာ ကန့်သတ်ချက်တွေရှိပုံ၊ အချက်အလက်တွေ အတည်ပြုခြင်းနဲ့ ဘက်လိုက်မှုစစ်ဆေးခြင်းရဲ့ အရေးကြီးပုံတွေကိုလည်း ရေးသားဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Teaching နဲ့ ဆိုင်တဲ့ ဆောင်းပါးတွေကိုလည်း ရှာဖွေဖတ်ရှုနိုင်ပါသေးတယ်။
> https://openai.com/index/teaching-with-ai/
၂၁ ရာစုခေတ်ရဲ့ သင်ကြားရေးနယ်ပယ်မှာ အလုပ်ဝင်နေသူဆိုရင် အထက်မှာဖော်ပြပေးထားတဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေကို သုံးတတ်နေဖို့ လိုအပ်ပါတယ်။ မိမိသင်ကြားမှုစွမ်းရည်ကို မြှင့်တင်နိုင်သလို ကျောင်းသားတွေအတွက် တက်ကြွစေပြီး ဆွဲဆောင်မှုရှိတဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။