တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံဖြေစာစစ်ဌာန (၆) ခုဖွင့်လှစ်မည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆေးရုံဖြေစာစစ်ဌာန (၆) ခု ဖွင့်လှစ်ပေးထားမည် ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း လိုအပ်ပါက ဆေးရုံဖြေစာစစ်ဌာန ထပ်မံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မတ်လ (၅) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းချက်အရ လာမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးနစ်နာမှုမရှိစေရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆေးရုံဖြေစာစစ်ဌာန (၆) ခု ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။

အဆိုပါစာစစ်ဌာန (၆) ခုမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ အထူးကုဆေးရုံကြီးဝေဘာဂီ၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) တို့ဖြစ်ကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနေသည့် စာမေးပွဲဖြေဆိုလိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က ညှိနှိုင်းလာပါက အဆိုပါဆေးရုံကြီးများတွင်လည်း ဆေးရုံဖြေစာစစ်ဌာန ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Latest Post Local News Read 238 times