ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံသင်တန်းကို ယခုနှစ် နွေရာသီတွင် ပထမဆုံးအနေဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ (၉) ရက်နေ့တွင် အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို အာကာသပြတိုက်(ရန်ကုန်) တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အာကာသပြတိုက်ရန်ကုန်မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယခု ဖွင့်လှစ်မည့် သင်တန်းအမှတ်စဉ် (၁) အား မတ်လ (၉) ရက်မှ ဧပြီလ (၃) ရက်နေ့ထိ (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး Grade 9၊ 10၊ 11 တို့မှ ကျောင်းသား/ကျောင်းသူ (၂၀၇) ဦး တက်ရောက်မည်ဖြစ်သည်။
အဆိုပါသင်တန်းကို အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ငါးဦးမှ ကျောင်းသား/ကျောင်းသူများအား အထက (၂) ဒဂုံတွင် မနက် (၉) နာရီမှ (၁၂) နာရီထိ သင်တန်းပို့ချမည်ဖြစ်ကာ နှစ်စဉ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာသသိပ္ပံနှင့် နည်းပညာအား စိတ်ဝင်စားသော ကျောင်းသားလူငယ်များအတွက် အာကာသနည်းပညာဆိုင်ရာ အခြေခံသဘောတရားများကို သိရှိလေ့လာခွင့် ရရှိစေရန် ရည်ရွယ်ပြီး ယခုလို နွေရာသီသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Source - Eleven Media Group , Popular News Journal
Photo - Credit to original uploader