Sales Hotline : 09448001653       Download App



ဘွဲ့လက်မှတ် မလို တတ်ကျွမ်းမှု အခြေပြုပြီး LinkedIn မှာ အခမဲ့ အလုပ်အကိုင်သင်တန်း လျှောက်ထားနိုင်

စင်ကာပူမှာ တတ်ကျွမ်းမှု ဦးစားပေးစနစ်ဖြင့် လူရွေးချယ်အလုပ်ခန့်ခြင်း စတင်လိုက်ပါတယ်။ 

စင်ကာပူမှာ လုပ်သားအင်အားစုအတွက် အလုပ်ခန့်ဖို့ လူရွေးချယ်တာမှာ ရရှိထားတဲ့ ပညာအရည်အချင်းတွေ၊ ဘွဲ့တွေ၊ လုပ်သက်တွေကို ကြည့်မယ့်အစား လာရောက်ဖြေဆိုသူရဲ့ အလုပ်တတ်ကျွမ်းမှုကို ဦးစားပေးတဲ့စနစ်ဖြင့် လူရွေးချယ်ခန့်ထာခြင်းကို စတင်ကျင့်သုံးပါတယ်။ 
အဲဒီအလုပ်ခန့် အစီအစဉ်ကို တတ်ကျွမ်းမှုများ လမ်းစဉ်  Skills Path လို့ အမည်ပေးထားပါတယ်။ ယခင် သုံးနေကျ လူရွေးချယ်နည်းများအစား နောက်ထပ် သုံးစွဲစရာ နည်းလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ 

အလုပ်အကိုင် ရှာဖွေနေကြသူတွေကို သူတို့ရဲ့ တတ်ကျွမ်းမှုများအရ ရွေးချယ်ခန့်ထားမယ့် အစီအစဉ်မှာ အသုံးပြုတဲ့ ပေတံက ယခင်က လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အကိုင်နဲ့ ရာထူး၊ ဘွဲ့လက်မှတ်နဲ့ ဒီပလိုမာလက်မှတ်တွေ အပါအဝင် ပညာရေးဆိုင်ရာ အရည်အချင်း လက်မှတ်များကို တိုင်းတာမှာ မဟုတ်ဘဲ တတ်ကျွမ်းမှု အခြေခံပြီး အလုပ်ခန့်ထားတာကို ကုမ္ပဏီများအကြားမှာ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ 

သက်မွေးအလုပ် လူမှုကွန်ရက် LinkedIn က ဩဂုတ်လ ၁၃ ရက်က တတ်ကျွမ်းမှုများ လမ်းစဉ် Skills Path ကို ဝန်ထမ်းရွေးချယ်ရေးအတွက် အခြားနည်းလမ်းတစ်သွယ်အဖြစ် ရှေ့ပြေးစမ်းသပ်မှု ပြုမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

“ဒီကနေ့မှာ လုပ်သားတွေ ငှားရမ်းဖို့ သူတို့မှာ ရှိနေတဲ့ တတ်ကျွမ်းမှုတွေကို အခြေခံတာ ပိုပြီး ဆီလျော်ပါတယ်။ ပြီးတော့မှ သူတို့ ဖွံ့ဖြိုးဖို့ နောက်တော့မှ အကုန်အကျခံပြီး လုပ်ပေးရမယ်။ လုပ်ငန်းခွင်သင်တန်းဖြစ်ဖြစ် သင်တန်းတွေဖြစ်ဖြစ်ကနေ တစ်ဆင့် လုပ်ပေးရမယ်” လို့ LinkedIn က ဖြည့်စွက် ပြောကြားထားပါတယ်။ 

အလားအလာကောင်းတဲ့ ဝန်ထမ်းများ ရှာဖွေတွေ့ရှိဖို့ နဲ့ ကိုဗစ်ကပ်ရောဂါအကြား သူတို့ရဲ့ တတ်ကျွမ်းမှု ကွာဟချက်များကို စေ့ပေးဖို့အတွက် သမားရိုးကျ ငှားရမ်းတဲ့ အစဉ်အလာ အလေ့အထတွေကနေ လမ်းကြောင်းပြောင်းလဲတဲ့ ကုမ္ပဏီတွေ ပိုများလာတဲ့အတွက် ယခုနည်းလမ်းကို ပြောင်းလဲတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က အသစ်ဖန်တီးထားတဲ့ အလုပ်တာဝန်ကဏ္ဍတွေအတွက် လုပ်သားတွေ ရှာတွေ့ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြရတာကို e-commerce လို ကြီးထွားတဲ့ လုပ်ငန်းအပိုင်းကဏ္ဍတချို့မှာ ရှိခဲ့ပါတယ်။ 

Skills Path အစီအစဉ်အသစ်ကို တစ်မျိုးသားလုံးဆိုင်ရာ အလုပ်အကိုင်ကောင်စီ National Jobs Council က အားပေးပါတယ်။ အလုပ်အကိုင် ရှာဖွေသူများ သူတို့ရဲ့ စွမ်းရည်များ သရုပ်ပြဖို့အတွက် LinkedIn က ကူညီတဲ့ ကြိုးပမ်းချက်အပေါ် တည်ဆောင်ထားပါတယ်။ အတွေ့အကြုံတွေ အမျိုးစုံလင်တဲ့ လူတော်တွေ အစုလိုက် ရရှိရေးကို ချဲ့ထွင်ဖို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကိုလည်း ထောက်ကူရာ ရောက်ပါတယ်။ 

Skills Path အစီအစဉ်အသစ်မှာ ပါဝင်တဲ ကုမ္ပဏီတွေမှာ  CapitaLand, Carousell, foodpanda, Lazada, NTUC Enterprise, OCBC Bank, Zalora နဲ့ Zuellig Pharma တို့ ပါဝင်ကြပါတယ်။ အဲဒီလုပ်ငန်းတွေက  recruiters, data analysts နဲ့ supply chain coordinators အစရှိတဲ့ ရာထူးတွေအတွက် ဝန်ထမ်းတွေ ခေါ်ယူပါတယ်။ 

LinkedIn Asia-Pacific ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Feon Ang  က နောက်ထပ် အဖွဲ့အစည်းတွေ အစီအစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုနေပါတယ်။ LinkedIn အနေဖြင့် Skills Path ကို ကမ္ဘာတစ်လွှား တိုးချဲ့ဖို့ အစီအစဉ်တွေ ရှိပါတယ်။ 
တတ်ကျွမ်းမှု အခြေပြု စီးပွားရေးတစ်ရပ်အဖြစ်သို့ ကူးပြောင်းတာမှာ အဖွဲ့အစည်းတစ်ခုတည်းဖြင့်သာ လုံးဝတာဝန်ယူလုပ်ကိုင်ပေးလို့ရတဲ့ အလုပ်တာဝန် မရှိပါဘူးလို့ သူက ဆိုပါတယ်။ 

Skills Path အစီအစဉ်ကို LinkedIn  ပလက်ဖောင်းပေါ်မှာ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ 
အလုပ်ရှာဖွေသူများက အစီအစဉ်မှာ ပါဝင်ကြောင်း စာရင်းပေးသွင်းပြီး လိုအပ်မယ့် တတ်ကျွမ်းမှုများကို အခမဲ့သင်တန်းပို့ချမှုများ LinkedIn မှာ သင်ယူနိုင်မှာ ဖြစ်ပြီး သင်တန်းတက်ပြီးမှ သူတို့ရဲ့ တတ်ကျွမ်းမှုများကို တရားဝင် အထောက်အထား ရယူရမှာ ဖြစ်ပါတယ်။ 
လျှောက်ထားရမှာ မိမိတို့ နည်းနည်းပါးပါး တတ်ကျွမ်းထားတာကို စာဖြင့် ရေးသား၍ဖြစ်စေ၊ ဗီဒီယိုဖြင့်ဖြစ်စေ တင်ပြနိုင်ပါတယ်။ လျှောက်ထားသူများထဲမှ လျာထားစာရင်း Shortlist ဝင်တဲ့သူတွေကို နှစ်ပတ်အတွင်း လူသစ်စုဆောင်းပေးသူက စကားပြောဆိုမှာ ဖြစ်ပါတယ်။ 


လောလောဆယ်မှာ Skills Path မှာ ဖွင့်ပေးထားတဲ့ အလုပ်ကိုင် ခြောက်မျိုး ရှိပါတယ်။ 

customer service personnel, 
data analysts, 
project managers, 
recruiters, 
supply chain coordinators, 
sales development professionals
 တို့ ဖြစ်ပါတယ်။ 

ဝန်ထမ်းတွေကို အလုပ်ခန့်ဖို့ စွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ LinkedIn က အွန်လိုင်အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ကျင်းပပေးပြီး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ workshops တွေကို ယခုလမှ နိုဝင်ဘာလအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ 


Skills-path-sign-up လုပ်ရန် link

https://opportunity.linkedin.com/skills-path-sign-up

 

 

 

 

 

International News Read 2069 times