Sales Hotline : 09448001653       Download App



ကျောင်းသင်ရိုးမှာထည့်သွင်းသင်ကြားခဲ့ရတဲ့ Helen Keller ရဲ့စိတ်ဝင်စားဖွယ် ဘဝအကြောင်း

 

Helen Keller (ဟယ်လင်ကယ်လာ) လို့ ပြောလိုက်ရင် တော်တော်များများ ဆယ်တန်းဖတ်စာအုပ်ကို ပြန်ပြီး အမှတ်ရမိကြမှာပါ။ သူမရဲ့ အတ္ထုပတ္တိအကျဥ်းချုပ်ကို ကျောင်းသင်ရိုးမှာ ထည့်သွင်းသင်ကြားခဲ့ရပါတယ်။ ၁၉၅၅ခုနှစ်မှာလည်း မြန်မာနိုင်ငံကို ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ဖူးပါတယ်။ အခုတစ်ခါမှာတော့ ဟယ်လင်ရဲ့ စိတ်ဝင်စားဖွယ် ဘဝအကြောင်းကို ပြောပြပေးချင်ပါတယ်။

 

သူမဟာဘာလို့ကမ္ဘာမှာနာမည်ကြီးခဲ့သလဲ ဂုဏ်ပြုစံပြထားထိုက်သူတစ်ယောက်ဖြစ်ခဲ့သလဲဆိုရင်တော့ သူမဟာ အမြင်အာရုံလည်း ချို့ယွင်းနေတဲ့အပြင် အကြားအာရုံပါချို့ယွင်းနေတာပါ။ ဒီလို အမြင်အကြား အာရုံ နှစ်မျိုးစလုံး ချို့ယွင်းနေတာတောင် လောကကြီးကို အရှုံးမပေးပဲ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပါတယ်။ ထူးဆန်းစွာပဲ သူမဟာ ပညာရေးမှာ သာမာန်လူကောင်းတစ်ယောက်လို တန်းတူဖြစ်ရုံသာမက လူ့အသိုင်းအဝိုင်းမှာပါ အံ့ဩသင့်စေခဲ့တဲ့ မသန်စွမ်း သူရဲကောင်းအမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

 

ဟယ်လင့်၏ ငယ်ဘဝ

 

ဟယ်လင့်ကို အမေရိကန်ပြည်ထောင်စု၊ အယ်လ်ဘားမား၊ တက်စ်ကမ်းဘီးယားပြည်နယ်မှာ ၁၈၈၀ခုနှစ် ဇွန်လ ၂၇ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားစဥ်က ဟယ်လင်ရဲ့ မိသားစုဟာ ပျော်ရွှင်စရာကောင်းပြီး ကြွယ်ဝ ချမ်းသာတဲ့အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုကြောင့် ဟယ်လင်တို့မိသားစု မှာလည်း ကြွယ်ဝချမ်းသာမှုတွေ အမြောက်အမြားဆုံးရှုံးခဲ့ရပြီး သာမာန်လူတန်းစား မိသားစုအခြေအနေ ဘဝကို ရောက်ခဲ့ရပါတယ်။

 

သူမအဖေအာသာကတော့ စစ်မှုထမ်းဟောင်းဖြစ်ပြီး သတင်းစာတိုက်မှာအယ်ဒီတာအဖြစ် အလုပ်လုပ်ပါတယ်။ အမေဖြစ်သူ ကိတ် ကတော့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ ဟယ်လင်နဲ့သူမအဖေဘေးမှာ အဖော်ပြုခဲ့ပါတယ်။ ဟယ်လင်ဟာမွေးဖွားစဥ်က အရမ်းကို ချစ်စရာကောင်းပြီး လူတိုင်းနဲ့လည်း အဆင်ပြေခဲ့တဲ့ ကလေးမလေး တစ်ဦးပါ။ခြောက်လအရွယ်မှာ စကားစပြောပြီး ၁နှစ်သမီးအရွယ်မှာ လမ်းစလျှောက်နေပါပြီ။  သူမရဲ့ ကျယ်ဝန်းတဲ့ ဥယျာဥ်ခြံကြီးထဲမှာပဲ ပျော်ရွှင်စွာဆော့ကစား ရှင်သန်ကြီးထွားလာရင်း တစ်နေ့မှာ ဟယ်လင့်အတွက် ကံဆိုးမိုးမှောင်မှုတွေ ကျရောက်လာပါတော့တယ်။ 

 

ဒါကတော့ သူမ ၁၉လသမီးအရွယ်မှာ ရုတ်တရက်ကြီး အမြင်အာရုံတွေချို့ယွင်းသွားတာကို သူမ အမေကစပြီး သတိထားမိခဲ့တာပါ။ ဒါဟာ အမည်မသိတဲ့ ရောဂါတစ်ခုကြောင့်ဖြစ်ပြီး ထိုရောဂါကြောင့်ပဲ သူမရဲ့ အမြင်အာရုံ သာမကပဲ အကြားအာရုံပါ လုံးဝဆုံးရှုံးသွားခဲ့ရပါတယ်။ ဟယ်လင့်ရဲ့ မိသားစုဆရာဝန်ကတော့ ဒါကို “Brain Fever” လို့ ယူဆပါတယ်။ 

 

ဟယ်လင်ဟာ ငယ်ဘဝဝင်လာတဲ့အချိန်မှာ အခုဆို မသန်စွမ်းအခြေအနေဖြစ်သွားတာကြောင့် သူမရဲ့ စိတ်တွေကလည်း မွေးခါစကလို ပျော့ပျောင်းနူးညံ့မှုမရှိတော့ပဲ အရမ်းကို ခက်ထန်ကြမ်းတမ်းပြီး အားလုံးကို ရန်မူခဲ့ပါတယ်။ သူမနဲ့အတူဆော့ကစားတဲ့ကလေးတွေကိုလည်း မောင်းထုတ်တာမျိုး၊ နာကျင်အောင်လုပ်တာမျိုး စတဲ့အပြုအမူတွေလုပ်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါတယ်။ 

 

ပျော်စရာရှိလို့ ရယ်မောရင်လည်း မရပ်မနားရယ်မောတတ်တဲ့အကျင့်မျိုးနဲ့ သူမရဲ့ စိတ်ဟာ အစွန်းနှစ်ဖက်ကို ရောက်ရှိနေခဲ့ပါတယ်။သူမရဲ့ဆွေမျိုးများကတော့ သူမကို မသန်စွမ်းကျောင်းဖြစ်ဖြစ်ပို့သင့်တယ်လို့ သူမရဲ့မိဘတွေကို အကြံပြု တိုက်တွန်းခဲ့ပါတယ်။

 

ဟယ်လင့်၏ ဆရာမ အန်နီဆူလဗန် (Anne Sullivan)

 

ဟယ်လင့်အကြောင်းပြောမယ်ဆိုရင် သူမရဲ့ ဆရာမ အန်နီ့အကြောင်းကမဖြစ်မနေကို ပြောပြရမှာပါ။ ဟယ်လင် ဟာသူမရဲ့ ဆရာမ အန်နီနဲ့ ၁၈၈၇ ခုနှစ်ကနေ ၁၉၃၆ ခုနှစ် အန်နီကွယ်လွန်ချိန်ထိ အတူတူရှိခဲ့တာပါ။ ဟယ်လင့်ရဲ့ မိခင်ဟာ သူမ သမီးရဲ့ အခြေအနေတွေအတွက် အဖြေကို ဆက်တိုက်ရှာဖွေလာရင်း ၁၈၈၆ခုနှစ် Charles Dickens, American Notes ခရီးသွားစာအုပ်မှ နားမကြား မျက်မမြင်ကလေးတစ်ဦးဖြစ်တဲ့ လော်ရာဘရစ်ချ်မန်း (Laura Bridgman) ရဲ့ အောင်မြင်တဲ့ ပညာရေး အကြောင်းကို ဖတ်ရှုခဲ့ရပါတယ်။

 

မကြာခင်မှာပဲ ကိတ်(ဟယ်လင့်မိခင်)ဟာ ဟယ်လင်နဲ့သူမခင်ပွန်းကို ဘာလ်တီမိုး(Baltimore) သို့စေလွှတ်ခဲ့ပြီး အထူးကုဆရာဝန် ဒေါက်တာဂျေဂျူလီယန်နဲ့ ပြသစေခဲ့ပါတယ်။ ဒေါက်တာဂျေက ဟယ်လင့်ကို စစ်ဆေးပြီး ထိုစဥ်အချိန်က နားမကြားတဲ့ကလေးတွေနဲ့အတူ လက်တွဲပြီး အလုပ်လုပ်နေတဲ့ တယ်လီဖုန်းတီထွင်သူ အလက်ဇ္ဇန္ဒားဂရေဟမ်ဘဲလ် ( Alexander Graham Bell)ကို တွေ့ကြည့်ရန် အကြံပြုခဲ့ပါတယ်။

 

ဘဲလ်က ဟယ်လင်နှင့်သူမရဲ့မိဘများကို တွေ့ဆုံပြီး မစ္စချူးဆက်စ်၊ ဘော်စတွန် (Massachusetts,Boston) မှာ ရှိတဲ့ မျက်မမြင်တွေအတွက် သီးသန့်ဖွင့်ထားတဲ့ကျောင်း Perkins Instituteကို သွားရောက်ဖို့ အကြံပြုခဲ့ပါတယ်။ ကျောင်းရဲ့ ဒါရိုက်တာက ဟယ်လင့်ကို ဆရာမအန်နီဆူလဗန်နဲ့ သင်ကြားဖို့အတွက် ညွှန်ကြားခဲ့ပါတယ်။

 

၁၈၈၇ခုနှစ် မတ်လ ၃ရက်နေ့မှာ အန်နီဟာ ဟယ်လင်တို့အိမ်ကိုသွားရောက်ပြီး စတင်အလုပ်ဝင်ခဲ့ပါတယ်။ အိမ်သို့ရောက်ရောက်ချင်း သူမယူဆောင်လာတဲ့ အရုပ်လက်ဆောင်လေးကို ဟယ်လင့်ကို ပေးပြီး “D-O-L-L” အရုပ်ဆိုတဲ့ စကားလုံးနဲ့ အသက် ၆နှစ်အရွယ်ဟယ်လင့်ကို စာလုံးပေါင်းနည်း စတင်သင်ကြားခဲ့တာပါ။ 

 

အစပိုင်းမှာ ဟယ်လင့်ဟာ သူမရဲ့ ထုံးစံအတိုင်း ဆရာမအန်နီကိုလည်း ဆန့်ကျင်ပြီး သူမသင်သမျှကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ အချိန်တိုင်း အော်ဟစ်ဆူပူသောင်းကျန်းပြီး ဆရာမကို ဆန္ဒပြခဲ့တာပါ။ နောက်ဆုံးမှာတော့ အန်နီဟာ သူမရဲ့ သင်ကြားပြသမှုတွေကို ဟယ်လင်လက်ခံလိုက်နာလာစေရန်  ဟယ်လင်နဲ့ သူမကို အချိန် အတိုင်းအတာတစ်ခုအထိ သီးသန့်ခွဲခြားနေထိုင်စေဖို့ သူမရဲ့ မိဘတွေဆီမှာ တောင်းဆိုလာခဲ့ပါတယ်။

 

ဒီလိုနဲ့ပဲ အန်နီနဲ့ဟယ်လင်ဟာ ခြံထဲမှာရှိတဲ့စိုက်ခင်းထဲက တဲအိမ်တစ်လုံးမှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။  ရုန်းရင်းဆန်ခတ်အော်ဟစ်ငြင်းဆိုနေတဲ့ ဟယ်လင့်ကို ဆရာမအန်နီဟာစိတ်ရှည်လက်ရှည်နဲ့ စကားလုံးတွေ ပေါင်းတတ်အောင် တစ်လုံးပြီးတစ်လုံးသင်ကြားခဲ့ပါတယ်။ “W-A-T-E-R” ဆိုတဲ့ စာလုံးကို ရေနဲ့ထိတွေ့စေပြီး သင်ကြားပေးပါတယ်။ ဟယ်လင့်ခေါင်းထဲမှာ ရေဆိုတဲ့အရာဟာ အေးမြပြီး စီးဆင်းတယ်ဆိုတာ နားလည် လက်ခံသဘောပေါက်သွားပါတယ်။

 

ဟယ်လင်ဟာ အန်နီ့ရဲ့ စိတ်ရှည်သည်းခံသင်ပြမှုတွေကြောင့် အင်္ဂလိပ်ဗျည်းအက္ခရာတွေကို ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်ပြီး လက်ရေးအရကော ပုံနှိပ်လက်ရေး (၂)မျိုးစလုံးကို နားလည်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ မျက်မမြင်တွေဖတ်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ လက်နဲ့စမ်းဖတ်ရတဲ့ စာအုပ်တစ်အုပ်လုံး ကိုတောင်ဟယ်လင်ဟာ ဖတ်တတ်နေပါပြီ။ အသက် (၁၀)နှစ်အရွယ်မှာတော့ ဟယ်လင်ဟာ စာစီစာရိုက် လုပ်တတ်နေပါပြီ။ 

 

ဟယ်လင်နှင့် ကျောင်းပညာရေး

 

ဟယ်လင်ဟာ အသက် ၁၆နှစ်အရွယ်မှာ မစ္စချူးဆက်ပြည်နယ်မှာရှိတဲ့ Radcliffe College မိန်းကလေး ကောလိပ်မှာ စတင်တက်ရောက်ခဲ့ပါတယ်။ ဟယ်လင်နဲ့အတူတူ ဆရာမအန်နီလည်း ကျောင်းတက်ရာမှာ အများကြီးအကူအညီပေးခဲ့ပါတယ်။ အသက် ၂၄နှစ်မှာ ၁၉၀၄ခုနှစ်မှာ ဟယ်လင်ဟာ  Radcliffe College ကနေ ဂုဏ်ထူးတန်းနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒါက သူမဘဝအတွက် မသန်စွမ်းအခြေအနေနဲ့ မသန်စွမ်းတွေရဲ့ ဦးဆောင်ပြယုဂ်အဖြစ် အကြီးမားဆုံး အောင်မြင်မှုကို ရယူပေးခဲ့တာပါ။ 

Advertisement 

Click Here > Toe Tet Aung

ဟယ်လင်ဘယ်လိုစကားစပြောတတ်ခဲ့လဲ

 

နားမကြားတဲ့သူတွေကို သင်ပေးတဲ့ ဆရာမ ဆာရာဖူလာ (Sarah Fuller) နဲ့အတူ ဟယ်လင်ဟာ စကားပြောတတ်လာဖို့ စတင်သင်ကြားခဲ့တာပါ။ နှုတ်ခမ်းကိုလက်နဲ့ထိတွေ့စေပြီး တုန်ခါမှုကို ခံစားကာ အသံဘယ်လိုထွက်လာလဲကို အာရုံပြုစေပါတယ်။ ဒီလိုနည်းနဲ့ပဲ စကားလုံးနည်းနည်းချင်းစီကနေ စတင်ပြီး သင်ကြားပေးခဲ့တာကြောင့် ဟယ်လင်ဟာ စကားလုံးတော်တော်များများကို ကျွမ်းကျင်စွာ ပြောတတ်လာပြီ ပဲဖြစ်ပါတယ်။

 

ဟယ်လင့်ရဲ့ စာရေးဆရာမဘဝအကြောင်း

 

ဟယ်လင်ရဲ့ကလေးဘဝမှ အသက် ၂၀ကျော်အရွယ် ကောလိပ်ကျောင်းသားဘဝထိ အဆင့်ဆင့် ပြောင်းလဲ ပုံတွေကို စုစည်းတင်ပြထားတဲ့ “Story of my Life”ဆိုတဲ့ စာအုပ်ကို အန်နီနဲ့ အန်နီ့ခင်ပွန်းအကူအညီနဲ့ ၁၉၀၅ခုနှစ်မှာ ပထမဦးဆုံးစတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ကောလိပ်တတ်နေစဥ်အတွင်းမှာလည်း သူမ ခံစားခဲ့ရတဲ့ ဝေဒနာတွေအကြောင်းကို ရေးသားပြီး Ladies’ Home Journal မှာ ထည့်သွင်းဖော်ပြခဲ့ ပါတယ်။ ၁၉၀၈ခုနှစ်မှာလည်း “The World I live in”ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါသေးတယ်။

 

ဟယ်လင်နှင့်လူမှုရေးလုပ်ကိုင်မှုများ

 

၂၀ရာစုနှစ်အစောပိုင်းမှာ ဟယ်လင်ဟာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးအပါအဝင် လူမှုရေးနှင့် နိုင်ငံရေး ပြဿနာများကို ပါဝင်ဖြေရှင်းခဲ့ပါတယ်။ ကောလိပ်ပြီးတဲ့နောက်ပိုင်းမှာ ဟယ်လင်ဟာ သူမလိုပဲ မသန်စွမ်း တွေရဲ့ ဘဝကို တိုးတက်အောင် မည်သို့မည်ပုံ ကူညီနိုင်မလဲဆိုတာ စတင်လေ့လာခဲ့ပါတယ်။ 

 

သူမရဲ့ နာမည်ဂုဏ်သတင်းဟာ ပြည်နယ်တစ်ဝိုက်မှာနာမည်ကျော်ကြားသွားပြီး ၁၉၁၅ခုနှစ်မှာ ဟယ်လင်ဟာ နာမည်ကြီးမြို့ပြစီမံကိန်းရေးဆွဲသူ ဂျော့ချ်ကက်စလာ (George Kessler) နဲ့အတူ မျက်စိကွယ်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း၏ အကြောင်းအရင်းများနှင့် အကျိုးဆက်များကို တိုက်ဖျက်ရန်အတွက် “Helen Keller International” ကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ 

 

၁၉၂၀မှာ “American Civil Liberties Union”ကိုတည်ထောင်ပြီး ၁၉၂၁ခုနှစ်မှာ “American Federation for the Blind”ကို တည်ထောင်ခဲ့ပါတယ်။ ထိုအဖွဲ့အစည်းနှင့်အတူ သူမဟာ နိုင်ငံပေါင်းများစွာကို သွားရောက်ပြီး မိန့်ခွန်းတွေ၊ ဟောပြောပွဲတွေ၊ အားပေးစကားတွေများစွာကို ပြောကြားပြီး ရန်ပုံငွေ မြောက်မြားစွာကိုလည်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။ 

 

 ၁၉၄၆ခုနှစ်မှာ ဟယ်လင်ဟာ “American Foundation of Overseas Blind”အဖွဲ့အစည်းအတွက် နိုင်ငံတကာဆက်ဆံရေးအကြံပေးအဖြစ်ခန့်အပ်ခြင်းခံရပါတယ်။ ၁၉၄၆ခုနှစ်မှ ၁၉၅၇ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၅နိုင်ငံကို ခရီးဆန့်ခဲ့ပါတယ်။ ၁၉၅၅ခုနှစ်မှာ ဟယ်လင်ဟာ မြန်မာနိုင်ငံ၏ ဖိတ်ခေါ်ချက်အရ လာရောက်လည်ပတ်ခဲ့ပြီး မသန်စွမ်းသူတွေကို အားပေးကူညီမှုတွေ လုပ်သွားခဲ့ပါသေးတယ်။

 

ဟယ်လင့်ရဲ့ ဘဝဇာတ်ကြောင်းရေးသားထားတဲ့ အတ္ထုပတ္တိတွေကို ရုပ်ရှင်ဇာတ်ကားများအဖြစ်လည်း ပြောင်းလဲရိုက်ကူးတင်ပြခဲ့ပါတယ်။သူမဘဝတစ်လျှောက်လုံးမှာ ဂုဏ်ထူးဆုတံဆိပ်ပေါင်း များစွာ ရရှိခဲ့တဲ့အပြင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေကိုလည်း နာမည်ကြီးတက္ကသိုလ်ထံမှ လက်ခံရရှိခဲ့ပါသေးတယ်။ 

 

ဟယ်လင့်၏သေဆုံးမှု
 

ဟယ်လင်ဟာ ၁၉၆၁ခုနှစ်မှာ လေဖြတ်ရောဂါကို ခံစားခဲ့ရပြီး အိမ်တွင်း၌သာ အချိန်ကုန်ခဲ့ရပါတယ်။ ဝမ်းနည်းစွာဖြင့်ပဲ ဟယ်လင်ဟာ သူမရဲ့ အသက် ၈၈နှစ်မြောက်မွေးနေ့ မတိုင်မီ ရက်သတ္တပတ်အလို ၁၉၆၈ခုနှစ်၊ ဇွန်လ ၁ရက်နေ့မှာ အိပ်ရာထဲမှာပဲ သေဆုံးခဲ့ပါတယ်။ 

 

သူမရဲ့ ထူးခြားတဲ့ဘဝမှာ ဟယ်လင်ဟာ လူတစ်ဦးချင်းစီအား ဒုက္ခကို ကျော်ဖြတ်ရန် မည်ကဲ့သို့ စိတ်အား ထက်သန်မှု၊ ကြိုးစားမှု၊ စိတ်ကူးစိတ်သန်း စတဲ့အရာတွေကို မြင်အောင်ပြသနိုင်ခဲ့ပြီး စံပြလူသားတစ်ယောက် အဖြစ်ရပ်တည်ပေးနိုင်ခဲ့ပါတယ်။ လူသားအားလုံးရဲ့ စံထားထိုက်သူ အတုယူထိုက်သူ တစ်ဦးကို ပြပါဆိုရင် သူမရဲ့ အမှောင်ကမ္ဘာထဲကနေ အလင်းထဲကို ရအောင်ဖောက်ထွက်ပြီး ကမ္ဘာကြီးကို အကျိုးပြုခဲ့တဲ့ ဟယ်လင့်ကိုပဲ ပြရပါလိမ့်မယ်။ 



Source : https://www.biography.com/activists/helen-keller

Knowledge Latest Post Read 1397 times