၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုသီတင်းပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅,၇၉၈,၇၂၅) ဦးရှိပြီး ယခင်နှစ်ကထက် ပိုများကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံမှုသီတင်းပတ်အတွင်း ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅,၄၇၁,၃၁၆) ဦးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် (၃၂၇,၄၀၉) ဦး များပြားကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မတ်လ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံမှု အခြေအနေမှာ မူလတန်းတွင် (၃.၈) သန်း၊ အလယ်တန်းတွင် (၁.၅) သန်းနှင့် အထက်တန်းတွင် (၄) သိန်းကျော်ရှိပြီး စုစုပေါင်း (၅.၇) သန်းကျော် ရှိသည်။
တိုင်းနှင့်ပြည်နယ်အလိုက် ကျောင်းအပ်နှံမှုစာရင်းမှာ ရန်ကုန်တိုင်းတွင် (၉၄၉,၄၄၁) ဦး၊ ကချင်ပြည်နယ်တွင် (၁၉၁,၃၀၇) ဦး၊ ကယားပြည်နယ်တွင် (၁၁,၈၉၂) ဦး၊ ကရင်ပြည်နယ်တွင် (၂၁၈,၅၆၀) ဦး၊ ချင်းပြည်နယ်တွင် (၂၃,၀၁၀) ဦး၊ စစ်ကိုင်းတိုင်းတွင် (၂၂၅,၃၇၄) ဦး၊ တနင်္သာရီတိုင်းတွင် (၂၀၅,၈၉၀) ဦး၊ ပဲခူးတိုင်း (အရှေ့) တွင် (၄၇၈,၆၉၀) ဦး၊ ပဲခူးတိုင်း (အနောက်) တွင် (၂၆၃,၄၀၃) ဦး၊ မကွေးတိုင်းတွင် (၄၁၆,၆၉၁) ဦး ရှိသည်။
ထို့ပြင် မန္တလေးတိုင်းတွင် (၇၈၄,၃၅၈) ဦး၊ မွန်ပြည်နယ်တွင် (၃၃၇,၃၂၈) ဦး၊ ရခိုင်ပြည်နယ်တွင် (၂၄,၃၈၁) ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် (၃၂၇,၀၈၉) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် (၁၁၇,၅၆၁) ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် (၈၆,၇၀၇) ဦး၊ ဧရာဝတီတိုင်းတွင် (၉၅၀,၁၈၁) ဦး၊ နေပြည်တော်တွင် (၁၈၆,၈၆၂) ဦး ရှိခဲ့ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံမှုကို ဆက်လက် ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် ပညာသင်ကြားမှုလျာထားချက်မှာ ယခုစာရင်းထက် ပိုမို များပြားနိုင်သည်ဟု ခန့်မှန်းထားသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုသီတင်းပတ်အတွင်း ကျောင်းလာရောက်အပ်နှံသူများကို သင်ရိုးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
Source - One News Myanmar , Popular News Journal