ဗုဒ္ဓအတွေးအခေါ်အား အခြေခံသည့် နိုင်ငံတကာကျောင်းသစ် ဘန်ကောက်တွင် ဖွင့်လှစ်မည်

ဗုဒ္ဓအတွေးအခေါ်အား အခြေခံထားပြီး နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားမည့် မူလတန်းကျောင်းသစ်အား ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ဘန်ကောက်မြို့၌ စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ​

ကျောင်းအမည်မှာ ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ အတိတ်ဘဝဖြစ်စဉ်တော်များဖြစ်သည့် ငါးရာ့ငါးဆယ် နိပါတ်တော် ဇာတ်တော်ကြီးများကို အစွဲပြုပြီး ဇာတက (Jataka) ဟု အမည်မှည့်ထားသည်။

အဆိုပါနိုင်ငံတကာကျောင်းကို ထိုင်းနိုင်ငံက အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည့် Paccaya Foundation မှ ဦးစီးတည်ထောင်ထားသည်။

ဇာတကကျောင်း၏ သင်ကြားရေးစနစ်သည် ဗြိတိန်နိုင်ငံ သင်ရိုးညွှန်းတမ်းကို ဓမ္မသင်ရိုးညွှန်းတမ်းနှင့် ပေါင်းစပ်ထားပြီး အသက် (၃) နှစ်မှ (၁၁) နှစ်အရွယ် ကလေးများ တက်ရောက်နိုင်သည့်ကျောင်း ဖြစ်သည်။

လာမည့် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် အသက် (၃) နှစ်မှ (၅) နှစ်အရွယ်အထိ ကလေးများအတွက်သာ မူကြိုအဆင့်ပညာရေး (Early Years) ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၇ ခုနှစ် ဩဂုတ်လတွင် Year 1 နှင့် Year 2၊ ၂၀၂၈ ခုနှစ် ဩဂုတ်လတွင် Year 3၊ ၂၀၂၉ ခုနှစ် ဩဂုတ်လတွင် Year 4၊ ၂၀၃၀ ခုနှစ် ဩဂုတ်လတွင် Year 5 နှင့် ၂၀၃၁ ခုနှစ် ဩဂုတ်လတွင် Year 6 တို့ကို တစ်နှစ်ချင်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ကလေးများ၏ သဘာဝစူးစမ်းလိုစိတ်၊ အရှိကိုအရှိတိုင်း လက်ခံသိမြင်နိုင်စွမ်း၊ စာနာတတ်စိတ်များကို လေ့ကျင့်ပျိုးထောင်ပေးပြီး ကရုဏာတရားပြည့်ဝသည့် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်သည်။ 

ထို့ပြင် သင်ကြားရေးတွင် ဘာသာစကားအနေဖြင့် အင်္ဂလိပ်စာနှင့် တရုတ်စာ (မန်ဒရင်) ဘာသာစကားနှစ်မျိုးလုံးကို အသုံးပြုပြီး Bilingual စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

International News Latest Post Read 18 times