သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် Google နှင့် OpenAI တို့မှ ရွှေတံဆိပ်ဆုများ ရရှိ

Google နှင့် OpenAI တို့က ၎င်းတို့၏ AI မော်ဒယ်များသည် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်း ဇူလိုင်လ (၂၂) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

လူသားဉာဏ်ရည်ကို ပြိုင်ဆိုင်နိုင်သော AI စနစ်များဖြစ်ကာ သင်္ချာစွမ်းဆောင်နိုင်မှုဆိုင်ရာ အောင်မြင်မှုဟု သတ်မှတ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် International Mathematical Olympiad (IMO) ပွဲတွင် နိုင်ငံပေါင်း (၁၁၀) မှ ပြိုင်ပွဲဝင် (၆၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ (၆၇) ဦးက ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါ (၆၇) ဦးတွင် Google Deepmind ၏ Gemini Deep Think က ပထမဆုံး AI ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့သည်။  Google သည် Gemini Deep Think မော်ဒယ်ဖြင့် (၄) နာရီခွဲအတွင်းမှာ လူသားများနည်းတူ ပုစ္ဆာများ ဖြေရှင်းခဲ့သည်။

Google နှင့် OpenAI ကုမ္ပဏီနှစ်ခုလုံးသည် အခြား AI ကုမ္ပဏီများ အသုံးပြုနေကျ Coding နည်းလမ်းဟောင်းများ မသုံးဘဲ သဘာဝဘာသာစကားကို အသုံးပြု၍ သင်္ချာသဘောတရားများကို "ကျိုးကြောင်းဆင်ခြင်ခြင်း" မော်ဒယ်များ အသုံးပြုပြီး ပုစ္ဆာများ ဖြေရှင်းခဲ့ရာ (၆) ခုအနက် (၅) ခုကို အဖြေရှာနိုင်ခဲ့သည်။

Google DeepMind သည် ၎င်းတို့၏ AI မော်ဒယ်များကို ပြိုင်ပွဲကော်မတီမှ အသိအမှတ်ပြုရန် IMO တွင် တရားဝင် ပြိုင်ပွဲဝင်ခဲ့သော်လည်း OpenAI သည် ပြိုင်ပွဲတွင် တရားဝင် ပါဝင်ခဲ့ခြင်း မရှိပါ။

သို့သော် IMO ဆုတံဆိပ်ရှင်များ၏ စစ်ဆေးချက်အရ OpenAI ၏ AI မော်ဒယ်များသည် Google ၏ AI မော်ဒယ်များအတိုင်း လုပ်ဆောင်နိုင်သောကြောင့် ရွှေတံဆိပ်ဆု ရထိုက်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။

ထို့ကြောင့် OpenAI ဘက်မှလည်း ပြိုင်ပွဲပြီးနောက် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် IMO ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရခဲ့ကြောင်း တရားဝင် ကြေညာခဲ့သည်။

ဤရလဒ်ကြောင့် AI သည် အလွန်ခက်ခဲပြီး မဖြေရှင်းနိုင်သော သင်္ချာပုစ္ဆာများကို ဖြေရှင်းရန်အတွက် တစ်နှစ်အတွင်း အဆင်သင့်ဖြစ်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ 

Google DeepMind မှ AI သုတေသနပညာရှင်နှင့် သင်္ချာပါမောက္ခ Junehyuk Jung ၏အဆိုအရ AI သည် လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ရုံသာမက မကြာမီတွင် ခေတ်မီသင်္ချာသုတေသနအတွက် တကယ်အသုံးဝင်သည့် ကိရိယာကောင်းတစ်ခုဖြစ်လာနိုင်သည်ဟု ဆိုထားသည်။   

Source - CNA 

International News Read 27 times