ဂျပန် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ChatGPT က အမှတ်အများဆုံးဖြင့် အောင်မြင်

ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်နှစ်ခုဖြစ်သော တိုကျိုတက္ကသိုလ်နှင့် ကျိုတိုတက္ကသိုလ်တို့၏ ယခုနှစ် ဝင်ခွင့်စာမေးပွဲများတွင် ChatGPT သည် အမှတ်အများဆုံး ရရှိသည့် ကျောင်းသားများကိုပင် ကျော်တက်ကာ အမြင့်ဆုံးရမှတ်များ ရရှိခဲ့ကြောင်း AI လုပ်ငန်းစုတစ်ခုဖြစ်သည့် LifePrompt က ပြောကြားခဲ့သည်။

LifePrompt လုပ်ငန်း၏ အဆိုအရ ChatGPT 5.2 Thinking မော်ဒယ်အသစ်သည် တိုကျိုတက္ကသိုလ်၏ ဆေးပညာရပ်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရသော ကျောင်းသားထက် (၅၀) မှတ် ပိုမို ရရှိခဲ့ပြီး သင်္ချာဘာသာရပ်တွင် အမှတ်ပြည့်ရရှိခဲ့သည်ဟု သိရသည်။ 

ထို့နည်းတူ ChatGPT သည် ကျိုတိုတက္ကသိုလ်၏ ဥပဒေပညာဌာန ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးထက် (၇၃) မှတ်ပိုများပြီး ဆေးပညာဌာနဝင်ခွင့်တွင်လည်း အမှတ်အများဆုံးထက် (၇၈) မှတ် သာလွန်ရရှိခဲ့သည်။

တက္ကသိုလ်နှစ်ခုလုံး၏ ဘွဲ့ကြိုဝင်ခွင့်စာမေးပွဲမေးခွန်းများကို ရုပ်ပုံဒေတာ (Image data) အဖြစ် ပြောင်းလဲကာ ဖြေဆိုစေခဲ့ခြင်းဖြစ်သည်။

LifePrompt သည် ၂၀၂၄ ခုနှစ်က OpenAI ၏ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သော ChatGPT 4 ကို အသုံးပြု၍ တိုကျိုတက္ကသိုလ်ဝင်ခွင့်မေးခွန်းများကို ဖြေဆိုစေခဲ့သော်လည်း အနိမ့်ဆုံးအောင်မှတ်သို့ပင် မရရှိခဲ့ကြပေ။

နောက်တစ်နှစ်တွင်မူ LifePrompt သည် နောက်ဆုံးပေါ် o1 မော်ဒယ်ကို စမ်းသပ်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အောင်မှတ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုနှစ်တွင် အမှတ်အမြင့်ဆုံးဖြင့် အောင်သည့် အောင်မြင်မှုကို ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် အဆိုပါ AI သည် ကမ္ဘာ့သမိုင်းကဲ့သို့သော ဘာသာရပ်များမှ အက်ဆေးပုံစံ မေးခွန်းများတွင်မူ (၂၅) ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ကိုယ်ပိုင်အတွေးအမြင်ဖြင့် ခံစားရေးသားရသည့် အပိုင်းတွင် အားနည်းနေသေကြောင်း တွေ့ရသည်။

Keio တက္ကသိုလ်မှ ပရော်ဖက်ဆာနှင့် ဂျပန် AI အသင်း၏ အကြီးအကဲဖြစ်သူ Satoshi Kurihara က AI သည် ရှိနှင့်ပြီးသား ဒေတာအမြောက်အမြားကို မှတ်ယူရာတွင် ထူးချွန်သောကြောင့် လူသားနှင့် AI ကို ဘောင်တစ်ခုတည်းတွင် ယှဉ်ပြိုင်ခြင်း မပြုသင့်ကြောင်း ငြင်းဆိုခဲ့သည်။

"ဂဏန်းတွက်စက်တွေက လူသားတွေထက် ပိုမြန်ပြီး ပိုတိကျသလိုပါပဲ၊ AI က အမှတ်အများကြီး ရတာဟာ သဘာဝကျပါတယ်။ တန်ဖိုးအသစ်တွေကို ဖန်တီးတဲ့နေရာမှာတော့ လူသားတွေကသာ ဆက်လက်သာလွန်နေဦးမှာပါ" ဟု Kurihara က ပြောကြားခဲ့သည်။

ဗဟုသုတ မှတ်သားနိုင်စွမ်းနှင့် တွက်ချက်နိုင်စွမ်းကိုသာ အဓိကထား စစ်ဆေးနေသည့် လက်ရှိဝင်ခွင့်စာမေးပွဲစနစ်ကို ပြန်လည်သုံးသပ်ရမည့်အချိန် ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source - Bangkokpost

International News Read 5 times