နယူးယောက်မြို့တွင် အစိုးရကျောင်း (၈) တန်းအထိ AI အသုံးပြုခွင့် တားမြစ်

အမေရိကန် နယူးယောက်မြို့ရှိ မူလတန်းနှင့် အလယ်တန်း အစိုးရကျောင်းများတွင် AI အသုံးပြုခွင့်ကို တားမြစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ (၂) ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် သိရသည်။

ဆရာများနှင့် မိဘများက ကလေးငယ်များ၏ စိတ်ကျန်းမာရေး၊ မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် အကြောင်းအရင်းများကြောင့် စာသင်ခန်းအတွင်း AI အသုံးမပြုစေလိုကြောင်း သတိပေးတားမြစ်ခဲ့ကြသည်။

အစိုးရကျောင်း (၈) တန်းအထိ AI အသုံးပြုခွင့် မရှိဘဲ ကိုးတန်းမှ စတင်သည့် အထက်တန်းကျောင်းများတွင်သာ AI အသုံးပြုမှုကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုသည့်တိုင်အောင် နည်းပညာအား လေ့လာခြင်းကဲ့သို့သော ကိစ္စရပ်များတွင်သာ အသုံးပြုခွင့် ပေးမည်ဖြစ်သည်။

The New York Times သတင်းစာ၏ ဖော်ပြချက်အရ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးသော AI companion chatbots များကိုလည်း အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆရာ၊ ဆရာမများကမူ သင်ခန်းစာများ ပြင်ဆင်ခြင်း သို့မဟုတ် မက်ဆေ့ဂျ်များ ရေးသားခြင်းစသည့် လုပ်ငန်းဆောင်တာများအတွက် AI ကို အသုံးပြုခွင့် ပေးထားသည်။

မြို့တော်ပညာရေးဌာနက (၆) တန်းမှ (၈) တန်းအထိ အလယ်တန်းကျောင်းသားများအတွက် အတန်းတွင်း စခရင်ကြည့်ချိန်ကို (၄၅) မိနစ်နှင့် မူလတန်းကျောင်းသားများအတွက် မိနစ် (၃၀) အဖြစ် ကန့်သတ်ရန် အကြံပြုထားသည်။

သို့သော် AI အသုံးပြုမှုသည် ကျောင်းပတ်ဝန်းကျင်ပြင်ပတွင်လည်း ရှိတတ်သောကြောင့် ၎င်းကို မည်သို့ စောင့်ကြည့်ထိန်းချုပ်ရမည်ဆိုသည့် မေးခွန်းက ကျန်ရှိနေဆဲဖြစ်သည်။

စည်းမျဉ်းအသစ်များသည် မတ်လက ထုတ်ပြန်ခဲ့သော AI အသုံးပြုနည်း ကနဦး မူဘောင်ကို ဆက်လက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

ကျောင်းသားများအနေဖြင့် သုတေသနပြုခြင်း၊ ရှာဖွေစူးစမ်းခြင်းနှင့် ဖန်တီးမှုဆိုင်ရာ ပရောဂျက်များအတွက် AI ကို အသုံးပြုခွင့်ပေးထားသည့် အဆိုပါမူဘောင်သည် အလွန် ပေါ့လျော့သည်ဟု မိဘများနှင့် ဆရာများက ဝေဖန်ကြသည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် မြို့တော်ကျောင်းများ၏ အဓိက အရာရှိချုပ် Kamar Samuels က မိဘများ၏ အကြံပြုချက်များကို အနာဂတ်စည်းမျဉ်းများတွင် ထည့်သွင်းနိုင်ရန်နှင့် ပိုမိုပြည့်စုံသော “လမ်းညွှန်စာအုပ်” တစ်အုပ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပညာရေးဌာနသည် ဆရာ၊ ဆရာမများ၊ ရွေးကောက်တင်မြှောက်ခံ အရာရှိများ၊ ပညာရှင်များနှင့် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး AI အသုံးပြုမှုဆိုင်ရာ ကျောင်းမူဝါဒ အခြေခံအဖြစ် အသုံးပြုရန် ရည်ရွယ်ကာ ဧပြီလတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန် ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားပေါင်း (၉၀၀,၀၀၀) ကျော်အထိ တက်ရောက်မှုအများဆုံးဖြစ်ခဲ့သည့်အတွက် နယူးယောက်မြို့၏ အစိုးရကျောင်း နည်းပညာမူဝါဒများကို ကျန်ရှိနေသည့် အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

Source - The Staits Times

International News Read 35 times