အရှေ့အလယ်ပိုင်းတွင် A-level နှင့် IGCSE စာမေးပွဲများ ဖျက်သိမ်း

ဒေသတွင်း ဖြစ်ပွားနေသော စစ်ပွဲ၏ သက်ရောက်မှုကြောင့်  အရှေ့အလယ်ပိုင်းဒေသများတွင် နိုင်ငံတကာ A-level နှင့် IGCSE စာမေးပွဲများကို တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း TES Magazine မှ သိရသည်။

Cambridge၊ Pearson နှင့် OxfordAQA စာမေးပွဲဘုတ်အဖွဲ့များက ယူအေအီး၊ ဘာရိန်း၊ လက်ဘနွန်နှင့် ကူဝိတ်နိုင်ငံရှိ ကျောင်းများသို့ အီးမေးလ်ပေးပို့ခဲ့ပြီး ကျောင်းသားများကို စာမေးပွဲမစစ်ဘဲ ယခင်လုပ်ဆောင်ချက်များနှင့် ဆရာများ၏ အကဲဖြတ်ချက်များအပေါ် မူတည်၍ အမှတ်ပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယူအေအီးရှိ ကျောင်းတစ်ကျောင်းသို့ ပေးပို့သော အီးမေးလ်တွင် OxfordAQA စာမေးပွဲဘုတ်အဖွဲ့၏ ဒါရိုက်တာ Rob Bryson က "ယူအေအီး ပညာရေးဝန်ကြီးဌာန၊ ကျောင်းများနှင့် အခြားနိုင်ငံတကာ စာမေးပွဲဘုတ်အဖွဲ့များနှင့် အနီးကပ် တိုင်ပင်ဆွေးနွေးပြီးနောက် သင်တို့နိုင်ငံရှိ OxfordAQA စာမေးပွဲများကို ဖျက်သိမ်းရန် ကျွန်ုပ်တို့ ဆုံးဖြတ်လိုက်ပါသည်" ဟု ရေးသားထားသည်။

ကျောင်းများသို့ ပေးပို့သော အီးမေးလ်တွင် ကျောင်းသားများကို ကျောင်းမှ တင်ပြသော လုပ်ဆောင်ချက်များမှတစ်ဆင့် အမှတ်ပေးမည်ဖြစ်သည့်အတွက် အချက်အလက်များကို ဇွန်လ (၁၂) ရက် နောက်ဆုံးထား ပေးပို့ရန် ဖော်ပြထားသည်။

Pearson ၏ နိုင်ငံတကာကျောင်းများဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Emma Whale ၏ ထုတ်ပြန်ချက်တွင် "ဘာရိန်း၊ ယူအေအီး၊ ကူဝိတ်နှင့် လက်ဘနွန်နိုင်ငံတို့ရှိ ကျောင်းများတွင် ၂၀၂၆ ခုနှစ် မေ/ဇွန်လတွင် စစ်ဆေးမည့် International GCSE၊ International A level နှင့် iPLS စာမေးပွဲများကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်မည်မဟုတ်ကြောင်း အတည်ပြုပါသည်" ဟု ပါရှိသည်။

Cambridge International ကလည်း ယူအေအီးနှင့် ဘာရိန်းရှိ ကျောင်းများသို့ "သင်တို့ကျောင်းတွင် စာမေးပွဲများ ကျင်းပမည်မဟုတ်ပါ" ဟု ပြောကြားခဲ့ပြီး၊ ထိုအစား "ကျောင်းသားများအား အမှတ်ပေးရန်အတွက် လုပ်ဆောင်ချက် အထောက်အထားများ (Portfolios of Evidence)" ကို တင်ပြရမည်ဟု ဆိုသည်။ ယင်းသည် Cambridge IGCSE၊ O-level၊ AS- and A-level နှင့် IPQ စာမေးပွဲများအားလုံးနှင့် သက်ဆိုင်ကြောင်း အတည်ပြုခဲ့သည်။

ဘာရိန်းနိုင်ငံမှ ကျောင်းအုပ်ကြီးတစ်ဦးကလည်း ကလေးများ လက်ရှိကြုံတွေ့နေရသော အခြေအနေများကြောင့် ယခုဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့ဟာ ညစဉ်ညတိုင်း တိုက်ခိုက်မှုတွေနဲ့ ကြုံနေရပြီး အိပ်ရေးမဝဖြစ်နေတဲ့အတွက် အခုလိုအချိန်မှာ ဒီကလေးတွေကို နိုင်ငံတကာ စာမေးပွဲတွေ ဖြေခိုင်းတာဟာ မတရားဘူးဆိုတာကို ကျွန်တော် အပြည့်အဝ သဘောတူပါတယ်" ဟု ၎င်းက ဆိုသည်။

ဘာရိန်းနိုင်ငံတွင် International Baccalaureate (IB) စာမေးပွဲများကိုလည်း ကျင်းပမည်မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ယူအေအီးနိုင်ငံတွင်လည်း မေလတွင် ဖြေဆိုရမည့် IB စာမေးပွဲများကို ဖျက်သိမ်းထားကြောင်း သိရသည်။

Source - TES Megazine

International News Read 10 times