ရန်ကုန်တက္ကသိုလ်တွင် ထပ်မံဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခု

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ နိုင်ငံတကာဆက်ဆံရေး (International Relations) ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် အရှေ့တိုင်းပညာဌာနမှ အရှေ့တိုင်းပညာ (Oriental Studies) ဘွဲ့လွန်ဒီပလိုမာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

Related Article : ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၉) ခု

> https://www.edge.com.mm/article/yangon-university

နိုင်ငံတကာဆက်ဆံရေး Diploma in International Relations (DIR) သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ (၉) လဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအချိန်မှာ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။

စိတ်ဝင်စားသူမျာသည် မေလ (၂၆) ရက်နေ့မှစပြီး ဇွန်လ (၁၀) ရက်နေ့အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်တွင် လျှောက်လွှာဝယ်ယူပြီး ဘွဲ့လက်မှတ် (မူရင်း/မိတ္တူ)၊ ဓာတ်ပုံတို့နှင့်တကွ ပူးတွဲလျှောက်ထားနိုင်သည်။

နိုင်ငံတကာဆက်ဆံရေးဆိုသည်မှာ နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြောင်းများကို အခြေခံကျကျ သီအိုရီများ၊ အတွေးအခေါ်များနှင့် လေ့လာရသည့် ပညာရပ်ဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေးသင်တန်းတွင် နိုင်ငံများ၏ ပထဝီဝင်၊ သမိုင်း၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေး စသည့် အကြောင်းအရာများကို သင်ကြားရမည်ဖြစ်ပြီး စီးပွားရေးအဖွဲ့အစည်းများ၊ NGO/ INGO အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းထောက်၊ ဥပ‌ဒေပညာရှင်၊ ဆရာ၊ ဆရာမများ စသည့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိသည့် ပညာရပ်ဖြစ်သည်။

အရှေ့တိုင်းပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Oriental Studies) ကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ 

သင်တန်းကာလမှာ (၈) လနှင့် သင်တန်းကြေး (၁) သိန်းခွဲကျပ် ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအချိန်မှာ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။

သင်တန်းသားဦးရေ (၁၀၀) သာ လက်ခံမည်ဖြစ်သဖြင့် တက်ရောက်လိုသူများသည် မေလ (၂၅) ရက်နေ့မှ စပြီး သင်တန်းသားဦးရေပြည့်သည်အထိ လျှောက်ထားနိုင်သည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန၊ ဖုန်း ၀၉-၄၂၈၁၃၈၇၄၅၊ ၀၉-၄၄၈၀၂၅၄၇၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

အရှေ့တိုင်းပညာရပ်ဆိုသည်မှာ ကမ္ဘာ့အရှေ့ဘက်ပိုင်းနိုင်ငံများ၏ ကိုးကွယ်ယုံကြည်မှု၊ အတွေးအခေါ်၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာလက်ရာ၊ သမိုင်း စသည်တို့ကို လေ့လာသော ပညာရပ်ဖြစ်သည်။

အရှေ့တိုင်းပညာ သင်ယူသူများသည် ပါဠိဘာသာစကား ပါဠိစာပေ၊ ဗုဒ္ဓဘာသာသမိုင်း၊ သင်္ဂါယနာတင်ခြင်း၊သမိုင်း၊ သက္ကတဘာသာ၊ ဘာသာဗေဒ၊ ကျောက်စာဖတ်ခြင်း၊ ဗုဒ္ဓဘာသာနှင့် ကိုယ်ကျင့်တရား၊ ဗုဒ္ဓယဉ်ကျေးမှု၊ ဗုဒ္ဓအနုပညာဗိသုကာလက်ရာများ၊ ရှေးဟောင်းအိန္ဒိယသမိုင်း၊ ဗုဒ္ဓဒဿန စသည်တို့ကို လေ့လာကြရမည်ဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းများအနေဖြင့် သာသနာရေးဌာန၊ ယဉ်ကျေးမှုဌာန၊ သမိုင်းဌာန၊ ကျောက်စာဌာန၊ ရှေးဟောင်းသုတေသနဌာန၊ ဘာသာဗေဒဌာန စသည့် ဌာနများတွင် အလုပ်လျှောက်နိုင်သည်။ ပါဠိစာပေနယ်ပယ်၊ မြန်မာစာပေနယ်ပယ်၊ သမိုင်း၊ ဘာသာရေးတို့ကို ကမ္ဘာလှည့်ခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင်လည်း အသုံးချနိုင်သည်။

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 1279 times