မြန်မာနိုင်ငံကကျောင်းသားအများစုက တက္ကသိုလ်တက်ဖို့ နိုင်ငံရွေးရင် ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူ စတဲ့ကုန်ကျစရိတ် သက်သာမယ့် နိုင်ငံတွေကို ရွေးကြတာများပါတယ်။ ပညာရေးအဆင့်အတန်းမြင့်တဲ့ ဥရောပလို့ ပြောလိုက်ရင် ကျောင်းလခ သိန်းထောင်ချီကုန်မယ်လို့ အများစုက ထင်တတ်ကြပါတယ်။
တကယ်တမ်းက ဥရောပနိုင်ငံတချို့မှာ တခြားနိုင်ငံတွေထက် ကျောင်းလခ သက်သာတဲ့ အစိုးရတက္ကသိုလ်တွေ ရှိပါတယ်။ သူတို့ ဘာသာစကားကို ပြောတတ်ရင် အခွင့်အရေး ပိုရပြီး ကျောင်းလခ ကင်းလွတ်ခွင့် (သို့) ကျောင်းလခ သက်သက်သာသာဖြင့် တက်လို့ရပါတယ်။
ဒါကြောင့် MastersPortal ရဲ့ နောက်ဆုံးရ အချက်အလက်တွေကို ကိုးကားပြီး ဥရောပနိုင်ငံတချို့မှ တက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားတွေအတွက် သတ်မှတ်ထားတဲ့ ကျောင်းလခနှုန်းထားတွေကို မျှဝေပေးသွားပါမယ်။
၁။ Austria
ဒီနိုင်ငံက အစိုးရတက္ကသိုလ် အတော်များများမှာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသားတွေအတွက် ကျောင်းလခ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ကျောင်းမလျှောက်ခင် မိမိတက်မယ့် တက္ကသိုလ် Website မှာ "Developing Countries list" ထဲမှာ မြန်မာနိုင်ငံ ပါ၊ မပါ အရင်စစ်ဆေးဖို့ လိုပါတယ်။
တကယ်လို့ ကင်းလွတ်ခွင့်မရတဲ့ Non-EU ကျောင်းသားဆိုရင် Semester တစ်ခုကို ယူရို (၇၂၇) ပေးရပါတယ်။ ဘယ်ကျောင်းမှာပဲတက်တက်၊ ကျောင်းသားသမဂ္ဂဝင်ကြေးအဖြစ် Semester တစ်ခုကို ၂၀ ယူရို ပေးဆောင်ရပါတယ်။ ပုဂ္ဂလိကတက္ကသိုလ်တွေမှာ တက်ရောက်မယ်ဆိုရင် ဘွဲ့ကြိုအတွက် တစ်နှစ်ကို ယူရို ၆,၀၀၀ မှ ၁၅,၀၀၀ ကြား၊ ဘွဲ့လွန်အတွက် တစ်နှစ်ကို ယူရို ၃,၀၀၀ မှ ၂၃,၀၀၀ ကြား ကုန်ကျနိုင်ပါတယ်။
၂။ Denmark
ဒိန်းမတ်နိုင်ငံရှိ တက္ကသိုလ်ပညာရေးက EU/EEA အဖွဲ့ဝင်နိုင်ငံများနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ကျောင်းသားတွေအတွက် အခမဲ့ဖြစ်ပါတယ်။ မြန်မာအပါအဝင် တခြားနိုင်ငံမှ ကျောင်းသားတွေအတွက်ကတော့ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းတွေအတွက် ကျောင်းလခက ပညာသင်နှစ်တစ်နှစ်ကို ယူရို ၆,၀၀၀ မှ ၁၆,၀၀၀ ကြား ကျသင့်မှာ ဖြစ်ပါတယ်။
EU/EEA အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက ကျောင်းသားတွေဟာ ဒိန်းမတ်နိုင်ငံမှာ ပညာသင်ကြားနိုင်ဖို့ နေထိုင်ခွင့်လက်မှတ် (Residence Permit) ကိုလည်း လျှောက်ထားဖို့ လိုအပ်ပါတယ်။ ဒီအတွက် လုပ်ငန်းစဉ်ဆိုင်ရာ ဝန်ဆောင်ခအဖြစ် ၂၅၅ ယူရို ပေးဆောင်ရပါတယ်။
၃။ Finland
EU/EEA အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံများမှ ကျောင်းသားတွေက အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားတဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို တက်ရောက်မယ်ဆိုရင် ကျောင်းလခ ပေးဆောင်ရပါတယ်။ ဒါပေမဲ့ ဖင်လန်ဘာသာ သို့မဟုတ် ဆွီဒင်ဘာသာတို့ဖြင့် သင်ကြားတဲ့ ဘွဲ့သင်တန်းတွေအတွက် ကျောင်းလခ ပေးစရာမလိုပါဘူး။
ဒါ့အပြင် သူတို့ဘာသာစကားမတတ်လည်း ပါရဂူဘွဲ့ (PhD) သင်တန်းတွေဆိုရင်တော့ ကျောင်းလခ အခမဲ့ဖြစ်ပါတယ်။ EU/EEA အဖွဲ့ဝင်မဟုတ်တဲ့ ကျောင်းသားတွေအတွက် ဘွဲ့ကြိုသင်တန်း ကျောင်းလခမှာ ယေဘုယျအားဖြင့် ပညာသင်နှစ်တစ်နှစ်ကို ယူရို ၅,၀၀၀ မှ ၁၃,၀၀၀ ကြား ရှိပါတယ်။ ဘွဲ့လွန်သင်တန်းတွေအတွက်မူ ပညာသင်နှစ်တစ်နှစ်ကို ယူရို ၈,၀၀၀ မှ ၁၈,၀၀၀ ကြား ကျသင့်ပါတယ်။
၄။ France
ပြင်သစ်မှာတော့ တက္ကသိုလ်ပညာရေးက အလုံးစုံ အခမဲ့မဟုတ်ပေမဲ့ စျေးသက်သာတယ်လို့တော့ သတ်မှတ်လို့ ရပါတယ်။ ပြင်သစ်အစိုးရတက္ကသိုလ်တွေဟာ EU ကျောင်းသားတွေနှင့် Non-EU ကျောင်းသားနှစ်ရပ်လုံးကို ဘာသာရပ်နဲ့ တက်ရောက်မယ့်အဆင့် (ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့) အပေါ်မူတည်ပြီး တစ်နှစ်ကို ယူရို ၁၇၀ မှ ၆၅၀ ကြားသာ ကောက်ခံပါတယ်။
ပြင်သစ်ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ဘွဲ့ကြိုသင်တန်းတွေအတွက် ပညာသင်နှစ်တစ်နှစ်ကို ကျောင်းလခ ယူရို ၅,၀၀၀ မှ ၃၀,၀၀၀ ကြား ဖြစ်ပြီး ဘွဲ့လွန်သင်တန်းတွေအတွက်မူ ပညာသင်နှစ်တစ်နှစ်ကို ယူရို ၁,၅၀၀ မှ ၃၅,၀၀၀ ကြား ရှိပါတယ်။
၅။ Germany
ဂျာမနီက အစိုးရတက္ကသိုလ်အများစုမှာ ဘွဲ့ကြိုနဲ့ မဟာဘွဲ့တွေကို ဘယ်နိုင်ငံကလာတဲ့ ကျောင်းသားပဲဖြစ်ဖြစ် သင်တန်းကြေး အခမဲ့နဲ့ တက်လို့ရပါတယ်။ Baden-Württemberg ဆိုတဲ့ ပြည်နယ်တစ်ခုမှာပဲ ၂၀၁၇ ခုနှစ်ကုန်ပိုင်းကစပြီး EU အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံက ကျောင်းသားတွေအတွက် တစ်နှစ်ကို သင်တန်းကြေး ယူရို ၃,၀၀၀ ကောက်ခံပါတယ်။
အရင်တက်ခဲ့တဲ့ ဘာသာရပ်နဲ့ မတူတဲ့ မဟာဘွဲ့ ဒါမှမဟုတ် ပါရဂူဘွဲ့တွေ တက်မယ်ဆိုရင် တစ်နှစ်ကို ယူရို ၁၀,၀၀၀ (သို့) ပို့များတဲ့ ကုန်ကျစရိတ် ရှိပါမယ်။ ဂျာမနီက ပုဂ္ဂလိက တက္ကသိုလ်တွေမှာ တက်မယ်ဆိုရင်တော့ ဘွဲ့ကြိုအတွက် တစ်နှစ်ကို ယူရို ၆,၅၀၀ ကနေ ၂၆,၀၀၀ ကြား၊ မဟာဘွဲ့အတွက် တစ်နှစ်ကို ယူရို ၁,၀၀၀ ကနေ ၄၀,၀၀၀ ကြားအထိ ရှိနိုင်ပါတယ်။
၆။ Italy
အီတလီမှာ ဘွဲ့ကြိုနဲ့ မဟာဘွဲ့ သင်တန်းကြေးတွေက တစ်ကျောင်းနဲ့ တစ်ကျောင်း မတူပါဘူး။ ယေဘုယျအားဖြင့်တော့ အစိုးရတက္ကသိုလ်တွေက ပုဂ္ဂလိကတက္ကသိုလ်တွေထက်စာရင် ကျောင်းစရိတ် ပိုသက်သာပါတယ်။ အစိုးရတက္ကသိုလ်တွေမှာဆိုရင် ဘွဲ့ကြိုရော မဟာဘွဲ့အတွက်ပါ တစ်နှစ်ကို သင်တန်းကြေး ယူရို ၀ ကနေ ၅,၀၀၀ ကြားပဲ ရှိတတ်ပါတယ်။
ပုဂ္ဂလိကတက္ကသိုလ်တွေကတော့ သင်တန်းကြေး ပိုများပါတယ်။ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၃,၀၀၀ ကနေ ၂၀,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၃,၀၀၀ ကနေ ၃၅,၀၀၀ ကြားအထိ ရှိနိုင်ပါတယ်။
၇။ Netherlands
နယ်သာလန်မှာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ကျောင်းသားဆိုရင်တော့ အစိုးရတက္ကသိုလ်တွေမှာ ကျောင်းစရိတ် သက်သက်သာသာနဲ့ တက်လို့ရတယ်ဆိုပေမဲ့ အဖွဲ့ဝင်နိုင်ငံထဲမှာ မပါဘူးဆိုရင် ကျောင်းစရိတ်ကြီးပါတယ်။ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၆,၀၀၀ ကနေ ၁၅,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၈,၀၀၀ ကနေ ၂၀,၀၀၀ ကြားအထိ ကျသင့်နိုင်ပါတယ်။
ပုဂ္ဂလိကတက္ကသိုလ်တွေမှာတော့ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၇,၅၀၀ ကနေ ၁၉,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၅,၀၀၀ ကနေ ၃၀,၀၀၀ ကြားအထိ ရှိနိုင်ပါတယ်။
၈။ Norway
EU/EEA ပြင်ပကလာတဲ့ နိုင်ငံတကာကျောင်းသားတွေဟာ အစိုးရတက္ကသိုလ်တွေမှာ တက်မယ်ဆိုရင် တစ်နှစ်ကို ယူရို ၁၁,၀၀၀ ကနေ ၃၅,၀၀၀ ကြား ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရတက္ကသိုလ်အများစုက ပါရဂူဘွဲ့သင်တန်းတွေကိုတော့ အခမဲ့ တက်ရောက်နိုင်ပါသေးတယ်။
ပုဂ္ဂလိကကျောင်းတွေမှာတော့ နိုင်ငံသားရော နိုင်ငံခြားသားပါ ကျောင်းစရိတ် အတူတူ ကုန်ကျပါတယ်။ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၇,၀၀၀ ကနေ ၉,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၉,၀၀၀ ကနေ ၁၉,၀၀၀ ကြား ရှိပါတယ်။ ဒါ့အပြင် ကျောင်းသားအခွင့်အရေး ရရှိဖို့ Semester တစ်ခုကို ယူရို ၃၀ ကနေ ၆၀ ကြား ရှိတဲ့ အခကြေးငွေလေးတစ်ခု ထပ်ပြီး ပေးဆောင်ရပါတယ်။
၉။ Spain
စပိန်မှာက ဒေသန္တရအစိုးရတွေက ကျောင်းစရိတ်တွေကို သူတို့ဘာသာ သတ်မှတ်တာဖြစ်လို့ တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၁၅၀ ကနေ ၃,၅၀၀ ကြား ရှိနိုင်ပါတယ်။ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ကတော့ Credit အပေါ် မူတည်ပြီး ကောက်ပါတယ်။ Credit တစ်ခုကို ၂၂ ယူရိုကနေ ၃၆ ယူရိုကြား ရှိတတ်ပြီး၊ တစ်နှစ်စာဆိုရင်တော့ ယူရို ၃၀၀ ကနေ ၃,၅၀၀ ကြား ကျသင့်မှာ ဖြစ်ပါတယ်။
တချို့ဘာသာရပ်တွေမှာ EU ပြင်ပကလာတဲ့ ကျောင်းသားတွေကို ကျောင်းစရိတ် ပိုကောက်တတ်ပါတယ်။ တစ်ခါတလေ ယူရို ၁,၀၀၀ လောက်ပဲ ပိုပေမဲ့၊ တချို့ကျောင်းတွေမှာတော့ ပုံမှန်ထက် ၂ ဆ သို့မဟုတ် ၃ ဆအထိ ပိုပေးရတာမျိုး ရှိပါတယ်။ ပုဂ္ဂလိက တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၅,၀၀၀ ကနေ ၂၄,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၅,၀၀၀ ကနေ ၃၀,၀၀၀ ကြား ရှိပါတယ်။
၁၀။ Sweden
EU/EEA မဟုတ်တဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းစရိတ်က တစ်နှစ်ကို ယူရို ၇,၅၀၀ ကနေ ၂၅,၅၀၀ ကြား ကျသင့်နိုင်ပါတယ်။ အစိုးရတက္ကသိုလ်တွေမှာ ပါရဂူဘွဲ့တွေကိုတော့ အခမဲ့ တက်ရောက်လို့ရပါတယ်။ ကျောင်းလျှောက်တဲ့အခါမှာလည်း ဝင်ခွင့်လျှောက်လွှာကြေး ၈၅ ယူရို ပေးရပါတယ်။ နိုင်ငံတကာကျောင်းသားတိုင်းဟာ ဒေသတွင်း ကျောင်းသားသမဂ္ဂတွေမှာ အဖွဲ့ဝင်ဖြစ်ဖို့ ယူရို ၅ ကနေ ၃၃ ကြား ပေးရတတ်ပါတယ်။
၁၁။ Switzerland
ဆွစ်ဇာလန်မှာရှိတဲ့ အစိုးရတက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားအားလုံးအတွက် ကျောင်းစရိတ် အများကြီး သက်သာပါတယ်။ ဘွဲ့ကြိုရော မဟာဘွဲ့အတွက်ပါ တစ်နှစ်ကို ယူရို ၄၀၀ ကနေ ၃,၇၀၀ ကြားပဲ ကျသင့်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကတက္ကသိုလ်တွေမှာတော့ သင်တန်းကြေးတွေက သိသိသာသာ ပိုများသွားပါတယ်။ ဘွဲ့ကြိုသင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၈,၀၀၀ ကနေ ၄၂,၀၀၀ ကြား၊ မဟာဘွဲ့သင်တန်းတွေအတွက် တစ်နှစ်ကို ယူရို ၇,၅၀၀ ကနေ ၄၃,၀၀၀ ကြားအထိ ရှိနိုင်ပါတယ်။
Source - https://www.mastersportal.com
==============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။