Sales Hotline : 09448001653       Download App



ကျောင်းများဖွင့်ရန် ပြင်ဆင်ထားမှုများကို ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်နိုင်ရန် Technical Teamဖွဲ့

အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရန်အတွက် Technical Team ဖွဲ့ပြီး ဆွေးနွေးနေသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ အဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက စီမံချက်များ ရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အခြေခံပညာဦးစီးဌာနက ဇန်နဝါရီ  ၅ ရက်က ညွှန်ကြား ထားခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် >>> အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စ

ဦးကိုလေးဝင်းက "Technical Team က စစ်ဆေးဖို့ ပြည်နယ်၊ တိုင်းအလိုက် အဆင့်အလိုက် ကျန်းမာရေး၊ ပညာရေး၊ ထွေအုပ်ပေါင်းစစ်တဲ့ဟာကတော့ လောလောဆယ် Technical Team တွေ ပြန်ဖွဲ့ပြီး ပြန်ပြီးဆွေးနွေးနေတယ်''ဟု ပြောသည်။

ထို့အပြင် အခြေခံပညာကျောင်းတခုတည်းမဟုတ်ဘဲ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးလေ့ကျင့်ရေးစသည်ဖြင့် ကဏ္ဍအစုံကြိုတင် ပြင်ဆင်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပြန်ဖွင့်ခွင့်ရရှိရန် အချက်ပေါင်း ၈ဝ နှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး A အဆင့်ရရှိသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် >>> အခြေခံပညာကျောင်းများ A အဆင့်ရဖို့ အချက်ပေါင်းရှစ်ဆယ်

လက်ရှိတွင် အဆိုပါအချက် ၈ဝ နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများကို မြို့နယ်အချို့တွင် မြို့နယ်ပညာရေးမှူးများက ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ထို့အပြင် COVID ကာလအတွင်း Quarantine Centre အဖြစ် ပြုလုပ်ထားသည့် ကျောင်းအချို့ရှိပြီး အဆိုပါကျောင်းများနှင့် ပတ်သက်၍လည်း ကျောင်းမဖွင့်မီသင့်တင့်သည့် အချိန်အတိုင်းအတာတခုတွင် ပြန်အပ်ရန် ကြေညာချက် ထုတ်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

ကျောင်းပြန်ဖွင့်ပါက ကျောင်းသူ၊ ကျောင်းသားများကို COVID ရှိ၊ မရှိ စစ်ဆေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဦးကိုလေးဝင်းက''ကျောင်းသူ၊ကျောင်းသားရှိသမျှ ၉ ဒသမ ၇ သန်းလုံးတော့ ဘယ်လိုစစ်နိုင် မှာလဲ။ လိုအပ်ရင် လိုအပ်သလို စစ်တာပြုတာတွေကတော့ရှိမှာပေါ့။ ရှိသမျှ ကျောင်းသူ၊ကျောင်းသား အကုန်လုံးစစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ'' ဟု ပြောသည်။

ထို့အပြင် ကျောင်းပြန်ဖွင့်ပါကလည်း ကျောင်းအကြိုအပို့များတွင် မိဘနှင့်ကျောင်းသားလိုက်နာရမည့်ကိစ္စ၊ စာသင်ခန်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့်ကိစ္စများ စသည်ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ COVID ကာကွယ်ရေးနှင့်ပတ်သက်ပြီးလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ကျောင်းများကို ကွင်းဆင်းစစ်ဆေးပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် COVID ဗဟိုကော်မတီသို့ တင်ပြသွား မည်ဖြစ်ပြီး COVID ဗဟိုကော်မတီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှ ကျောင်းများပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း၊ COVID ကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်ပေးခဲ့သော်လည်း ပြည်တွင်းကူးစက်မှုများ မြင့်တက်လာသည့်အတွက် ပြန်ပိတ်ခဲ့ရကြောင်း သိရသည်။ 

Source: News Watch 

By Myanmar Education Guide (EDGE) 

News Read 2014 times