မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းနေခြင်းကြောင့် ဒီမိုကရေစီစနစ်တွင် ဥပဒေကို သိရှိနားလည်ရန် လိုအပ်သဖြင့် အခြေခံပညာကျောင်းများ၌ Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေပညာကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စကစဥက္ကဌက ဇွန်လ (၁၁) ရက်နေ့တွင် ပြင်ဦးလွင်သို့ သွားရောက်ပြီး ပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍမြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာတွင် ထိုသို့ ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လောင်းကစားမှုဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ အစရှိသည့် ကျောင်းသား၊ ကျောင်းသူအရွယ်များ သိရှိနားလည်နိုင်သည့် ဥပဒေများကို သင်ကြားပေးခြင်းဖြစ်သည်။
Grade 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသက် (၁၇) နှစ်နှင့် (၁၈) နှစ်အရွယ် ပတ်ဝန်းကျင်များဖြစ်ကြပြီး အသက် (၁၈) နှစ်ပြည့်ပါက ဆန္ဒမဲပေးရမည်ဖြစ်သောကြောင့် ဥပဒေကို သိရှိနားလည်နိုင်ရန် သင်ကြားပေးခြင်းဖြစ်သည်ဟု သိရသည်။
ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနေသော်လည်း စာမေးပွဲဖြေဆိုရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ အခြေခံဥပဒေပညာကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများကိုလည်း ဥပဒေကိုနားလည် သိရှိအောင် Training of Trainners (TOT) သင်တန်းများပေးပြီး သင်ကြားစေခဲ့သည်။
ထို့အပြင် Grade 11 နှင့် Grade 10 ကျောင်းသား၊ ကျောင်းသူများကိုလည်း ဥပဒေနှင့်ပတ်သက်သည့် အခြေခံများကို သိရှိနားလည်နိုင်စေရန် ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်အသီးသီး၌လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအား သိရှိနားလည်နိုင်ရန် BA (Law) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရန် BA (Eco) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန
======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။