တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာကိုသာ သင်ကြားနေခြင်းမဟုတ်ဘဲ AI နှင့် Digitalization ဘာသာရပ်များအထိ ခေတ်နှင့်အညီ သင်ကြားပေးနေကြောင်း ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသိန်းဇော်လင်းက ဇူလိုင်လ (၆) ရက်နေ့က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တိုင်းရင်းဆေးတက္ကသိုလ်တွင် အတွေ့အကြုံအခြေပြု ဆေးပညာ (Experience based medicine) မှ သိပ္ပံနည်းကျ အထောက်အထားအခြေပြုဆေးပညာ (Evidence based medicine) ဖြစ်လာစေရန် အဓိကထားကြောင်း ဆရာကြီးက ဖြေကြားခဲ့သည်။
သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းဆေးပညာ ဘာသာရပ်များအပြင် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များတွင် သင်ရသည့် Basic modern medical ဘာသာတွဲများအတိုင်း သင်ယူရကြောင်း၊ သုတေသနနည်းစနစ်များအပြင် AI နှင့် Digitalization ဘာသာရပ်များအထိ ခေတ်နှင့်အညီ သင်ကြားပေးနေကြောင်း သိရသည်။
လက်တွေ့လေ့လာမှုများအတွက်လည်း ကျောင်းဝင်းထဲမှာတင် ခုတင် ၁၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီးနှင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ ရှိကြောင်း ဆရာကြီးက ပြောကြားခဲ့သည်။ ထို့ပြင် ပုပ္ပားတောင်နှင့် တခြားဒေသများဆီ ဆေးဖက်ဝင်အပင် လေ့လာရေးခရီးစဉ်များ၊ အဆင့်မြင့်ဆေးဝါးစက်ရုံ ဓာတ်ခွဲခန်းများဆီ လေ့လာရေးခရီးများ ပုံမှန်သွားရောက်စေကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းရှိပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် မန္တလေးတောင်ခြေမှာ ဖွင့်လှစ်ထားသည်။
တက္ကသိုလ်ကြီး ဖွင့်လှစ်ခဲ့သည်မှာ (၂၄) နှစ်ကျော်ပြီဖြစ်ပြီး ပေးအပ်သည့်ဘွဲ့များမှာ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ “Bachelor of Myanmar Traditional Medicine (BMTM)”၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ "Master of Myanmar Traditional Medicine (MMTM)" တို့ဖြစ်သည်။
ဆက်လက်ပြီးလည်း ပါရဂူဘွဲ့သင်တန်း (Ph.D. (MTM)) ကို ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ရရှိပြီးသူ (၁၈၇၅) ဦးနှင့် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (MMTM) ရရှိသူ (၁၃၃) ဦး မွေးထုတ်ပေးပြီးဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်မှာ တက်ရောက်ရန် သတ်မှတ်ချက်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်) ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး ဒွါဒသမတန်း (STEAMs-1) ဘာသာတွဲ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာရပ်များဖြင့် အောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းသူ ဖြစ်ရမည်။
သင်တန်းကာလမှာ စာတွေ့/လက်တွေ့ လေးနှစ်နှင့် အလုပ်သင် တစ်နှစ် စုစုပေါင်း ငါးနှစ် သင်ယူရမည်ဖြစ်ပြီး ဘွဲ့ရပြီးလျှင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကိုယ်ပိုင်တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ခြင်း၊ ကိုယ်ပိုင်ဆေးရုံ/ဆေးခန်းများ ဖွင့်လှစ်နိုင်ခြင်းအထိ အခွင့်အလမ်းများ ရှိနိုင်သည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန