စာကျက်တဲ့အခါ အချိန်တိုအတွင်း စာမြန်မြန်ရဖို့ နည်းလမ်း (၆) ချက်

စာကျက်တဲ့အခါ ဉာဏ်လည်းကောင်းရဲ့သားနဲ့ အချိန်တွေ အများကြီးပေးပြီး ကျက်နေရတုန်းလား? အချိန်အကြာကြီးပေးပြီး စာကျက်တဲ့အခါ စာရဖို့ မသေချာတဲ့အပြင် ခေါင်းတွေထူပူပြီး ငြီးငွေ့စရာကောင်းပါတယ်။ ဒီလို မဖြစ်ရအောင် တက်တက်ကြွကြွနဲ့ စာကျက်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်တဲ့ အောက်ကအချက်တွေကို သိထားတယ်ဆိုရင် အချိန်တိုတိုအတွင်း စာမြန်မြန်ရစေနိုင်ပါတယ်။    

 

၁။ စာကျက်တဲ့နေရာ

စာကျက်တဲ့နေရာကလည်း များစွာ အရေးပါပါတယ်။ နေရာတစ်နေရာတည်းမှာပဲ အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာပိုမှတ်မိစေပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာ ဖြစ်သင့်ပါတယ်။

စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကာ (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Highlighter Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာကျက်နေရင်း ထရှာစရာမလိုအောင် အရံသင့် ထားရှိသင့်ပါတယ်။

 

၂။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှု

ကျောင်းသားအများစုဟာ Planning ရေးဆွဲတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။ စာသင်နှစ် စစချင်းမှာ ဘယ်ဘာသာရပ်တွေကို ဘယ်နေ့ဘယ်ရက်မှာ သင်ရိုးကုန်လေ့လာပြီး ပြန်လည်လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ ကိုယ်ရဲ့ Studying Process ကို အသေးစိတ် ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။

ကိုယ်ရေးဆွဲထားတဲ့ Plan နဲ့အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲဒီလိုလုပ်နေစဉ်မှာလည်း ကိုယ်ရဲ့ Plan ဟာ လက်တွေ့ကျ/မကျ၊ ကိုယ်နဲ့ ကိုက်ညီ/မကိုက်ညီကို မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

 

၃။ အမျိုးမျိုးသော စာဖတ်နည်းများ

မြန်မာကျောင်းသားအများစုဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ အပေါ်ယံဖတ်ရှုခြင်း (Skimming) ဆိုတာဟာ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ်မဖတ်ရှုမီ စာအုပ်ရဲ့ ဆိုလိုရင်း အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံဖတ်ရှုတာပါ။ မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်း (Memorizing) ဆိုတာက စာမေးပွဲမှာ မေ့လေးမေးထရှိတဲ့ အကြောင်းအရာတွေ၊ မသိမဖြစ် သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် ထပ်ကာတလဲလဲ ဖတ်ရှုရတာမျိုးပါ။ 

 

၄။ စာများကို အသံထွက်၍ ကျက်ပါ

စာကျက်မှတ်တဲ့အခါ တချို့က ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမဲ့ တချို့ကတော့ မျက်စိနဲ့ပဲ ဖတ်ပြီး ကျက်လေ့ရှိပါတယ်။ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့် အကြောင်းအရာတွေကို မျက်စိနဲ့ပဲ Scan လုပ်မှတ်သားနိုင်ပြီး နားနဲ့ အသံမကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိသူများဟာ သူတို့ရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သားနိုင်ပါတယ်။

 

၅။ စိတ်ဖိစီးမှုများကို လျော့ချပါ

တတ်နိုင်သလောက် စာမကျက်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုးကို ၁၅ မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ် သို့မဟုတ် ကိုယ်အနှစ်အသက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅ မိနစ် ၁၀ မိနစ်လောက် နားထောင်ပါ။ ကိုယ်ရဲ့ Study Plan၊ Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း တောက်လျှောက်စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅ မိနစ်လောက် နားပြီးရင် ပြန်ကျက် ပုံစံနဲ့ ရေးဆွဲထားသင့်ပါတယ်။

 

၆။ ချောကလက်နဲ့ အသီးတွေ စားပါ

စာကျက်တဲ့အခါ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းဖို့နဲ့ ဦးနှောက်ကို အားပြန်ဖြည့်ဖို့ အောက်မှာ ဖော်ပြပေးထားတဲ့ အစားအစာတွေ စားပါ။

- Dark Chocolate (ချောကလက်တွေထဲမှာမှ အခါးဓာတ်ပိုပါပြီး ညိုမှောင်နေတဲ့ ချောကလက်ကို ရွေးစားသင့်ပါတယ်။)

- ဘယ်ရီသီး (ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ)

- အရည်ရွှမ်းအသီး (လိမ္မော်သီး၊ ရှောက်ချိုသီး၊ ကျွဲကောသီး)

- အခွံမာအသီး (သီဟိုစေ့၊ သစ်ကြားသီး၊ သစ်အယ်သီး၊ ဗန်ဒါစေ့) တို့ကို စားကျက်နေရင်း အပျင်းပြေ ထိုင်ဝါးနေလို့ ရတဲ့အပြင်

- ဥတွေနဲ့

- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွှတ် စတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးခြင်းဟာလည်း ဦးနှောက်အလုပ်လုပ်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ 

Latest Post High Secondary University / College Read 3028 times