မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန်

မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၂၅) ရက်နေ့၊ နံနက် (၅) နာရီ (၅၅) မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဆရာကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်နေ့တွင် နေအိမ်၌ ချော်လဲပြီး လည်ပင်းနောက်ပိုင်း ကျောရိုး ကျိုးသွားသည့်အတွက် အာယုဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ခဲ့ရသေးသည်။

ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း အာရုံကြော ထိခိုက်ခဲ့ပြီး ကိုယ်လက် သေချာ ကောင်းစွာ မလှုပ်ရှားနိုင်တော့သည့်အပြင် အဆုတ် ပြင်းပြင်းထန်ထန် ရောင်နေသည့်အတွက် လည်ပင်းအပေါက်ဖောက်ပြီး အောက်ဆီဂျင် ရှူနေရသည်။

ဆရာကြီး၏ တပည့်များ ပူးပေါင်းစီစဉ်ပြီး အောက်တိုဘာ (၅) ရက်နေ့၊ တနင်္ဂနွေနေ့တွင် တစ်သက်တာ မြန်မာစာ သင်ကြားမှု ထူးချွန် ဂုဏ်ပြုပွဲနှင့် မြတ်ဆရာ ပူဇာ်ပွဲအခမ်းအနားကို ဆရာကြီး၏ နေအိမ်တွင် ကျင်းပခဲ့ကြရာ ဆရာကြီးသည် ကျန်းမာရေးအခြေအနေကြောင့် အခန်းထဲက အိပ်ရာပေါ်မှသာ ဂါ၀ရပြု ခံယူခဲ့ကြောင်း သိရသည်။

ဆရာကြီးသည် ယနေ့ နိုဝင်ဘာ (၂၅) ရက်နေ့၊ အသက် (၈၉) နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုဝင်များနှင့် စာပေအသိုင်းဝိုင်းများမှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားကြသည်။

ဆရာကြီးသည် ၁၉၃၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အဖ မြန်မာ တိုင်းရင်း သမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့မှ မွေးဖွားခဲ့သည်။ ဆရာကြီးသည် မုံရွာသားဖြစ်ပြီး မုံရွာမြို့၊ အမှတ် (၂) အထကမှ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို တစ်နိုင်ငံလုံး၌ တစ်ဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့သည်။

အသက် (၁၇) နှစ်သားမှ စ၍ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများကို ရေးသားခဲ့ပြီး စာပေဆုများ ရရှိခဲ့သည်။ ဆရာကြီးသည် မြန်မာစာပေ သင်ကြားသော နိုင်ငံခြား တက္ကသိုလ် အချို့၌ ပြဋ္ဌာန်းသော "မြန်မာစာဋီကာ" ကျမ်းကိုလည်း ၁၉၆၈ ခုနှစ်၌ ထုတ်ဝေခဲ့သည်။

ဆရာကြီး၏ စာစီစာကုံးစာအုပ်များ၊ သင်ရိုးကုန်စာအုပ်များနှင့် အထူးထုတ်များသည် မြန်မာတစ်နိုင်ငံလုံးက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားထားစရာ သင်ထောက်ကူ စာအုပ်များဖြစ်ခဲ့သည်။

သို့ဖြစ်ပါ၍ မြန်မာစာသာသနာပြုဟု တင်စားခေါ်ဝေါ်ခံရသည့် ဆရာကြီး ကွယ်လွန်မှုသည် မြန်မာစာလောက၏ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသော ဆုံးရှုံးမှုကြီးဖြစ်သည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 290 times