Grade (5)၊ Grade (9) နှင့် Grade (11) အတန်းများတွင် ယခင်ကလို မအောင်မရှိစနစ်အစား စာမေးပွဲအကျစနစ်အား အကောင်အထည်ဖော် လုပ်ဆောင်ရန်ရှိကြောင်း ပညာရေးအသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်နေသည်။
Grade (5) ကို မူလတန်းပြီးစီးကြောင်း၊ Grade (9) ကို အလယ်တန်းပြီးစီးကြောင်းနှင့် Grade (11) ကို Grade (12) အတွက် အခြေခိုင်ရန် ယခုကဲ့သို့ စာမေးပွဲစနစ်သစ်ကို ပြောင်းလဲခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြသည်။
စာမေးပွဲအကျစနစ်ကို လက်ခံထောက်ခံကြသူများ အများအပြားရှိပြီး စာကြိုးစားသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ထုတ်ပေးခြင်းဖြစ်သလို ကြိုးစားအားထုတ်မှုနည်းသည့် ကျောင်းသား၊ ကျောင်းသူများမှာလည်း စာကြိုးစားချင်စိတ်ဖြစ်လာမည်ဟု ဆိုကြသည်။
တစ်နှစ်တစ်တန်း အလွယ်တကူ အအောင်ပေးသည့်အခါ ကျောင်းသား၊ ကျောင်းသူများအတွက် Grade (12) တွင် အခက်အခဲများ ဖြစ်လာကြောင်းနှင့် စာမေးပွဲအကျစနစ်ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခြအနေကို အမှန်တကယ် သိရှိနိုင်သည့်အတွက် လုပ်ဆောင်သင့်ကြောင်း ဆရာ၊ ဆရာမများကလည်း ထောက်ခံကြသည်။
ထို့အပြင် စာမေးပွဲအကျစနစ် လုပ်ဆောင်မည်ဆိုပါက တစ်နိုင်ငံလုံးအတွက် မေးခွန်းတစ်စုံတည်း ထုတ်ပြီး စာမေးပွဲ အဖြေလွှာ စစ်ဆေးမှုကို အစိုးရမှ စစ်ဆေးပြီး အောင်ချက်ထုတ်ပြန်ပေးရန် ပညာရေးအသိုင်းအဝိုင်းက ဆရာ၊ ဆရာမများမှ အကြံပြု ပြောဆိုမှုများ ရှိနေသည်။
အစိုးရစစ် စာမေးပွဲ မဟုတ်ဘဲ သက်ဆိုင်ရာ ကျောင်းအလိုက် မေးခွန်းထုတ်ပြီး အဖြေလွှာစစ်ပါက ကျောင်းသားများ အောင်ခြင်း၊ ကျခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။
အဆိုပါ စာမေးပွဲအကျစနစ်အား ယခုပညာသင်နှစ်တွင် စတင် ကျင့်သုံးလိုက်မည်ကိုလည်း မိဘနှင့် ဆရာအချို့စိုးရိမ်ပူပန်နေကြပြီး ယခုပညာသင်နှစ်တွင် စတင်မည်ဆိုပါက ပြင်ဆင်ချိန်မရတော့သည့်အတွက် အကျများနိုင်သည်ဟု ပြောကြသည်။
လက်ရှိအချိန်ထိ အဆိုပါစနစ်ကို ပညာရေးဝန်ကြီးဌာနမှ မည်သည့်ပညာသင်နှစ်တွင် စတင် ကျင့်သုံးမည်ကို တရားဝင် တိတိကျကျ ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။
Source - VOA၊ The Standard Time Daily