Sales Hotline : 09448001653       Download App



ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အမှတ်စဉ်(၁/၂၀၂၁) အွန်လိုင်းသင်တန်း ပို့ချ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) က ဖွင့်လှစ်သော ကိုယ်ပိုင်ကျောင်းတည်ထောင် အုပ်ချုပ်သူများ အတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အမှတ်စဉ်(၁/၂၀၂၁) အွန်လိုင်းသင်တန်းတွင် သင်ခန်းစာဆွေးနွေးပို့ချသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပို့ချရာတွင် ၃-၁-၂၀၂၁ ရက်နေ့တွင် ပါမောက္ခချုပ်ဆရာတော် ဟောကြားသည့် ပြည်သူချစ်သော ခေါင်းဆောင်များနှင့်အညီ ကျောင်းကို တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများသည် မိမိတို့၏အဖွဲ့အစည်းတွင် ခေါင်းဆောင်များဖြစ်သည့်အတွက် ခေါင်းဆောင်သည် မိမိတို့၏အဖွဲ့အစည်းတွင်ရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ချစ်သည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁-၅-၂၀၁၉ ရက်နေ့ တွင် အထက(၂) ပျဉ်းမနား၌ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်အသစ်အတွက် သင်ကြားသင်ယူမှုနည်းလမ်းနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနည်းသင်တန်း၌ ဆရာ၊ ဆရာမများအား ပြောကြားခဲ့သည့် အမှာစကားအတိုင်း လိုက်နာဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာနှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်း၌ ပညာရေးသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ပညာရေးကို ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ကဏ္ဍကို အားပေးသွားမည်ဟု ပြောကြားခဲ့ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးမိသားစုဆိုသည့် အစုအဖွဲ့အနေဖြင့် မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပညာရေးစနစ်ကြီးကို အရည်အသွေး ကောင်းမွန်စေမည့် အဓိကအချက် ဖြစ်ပါကြောင်း၊

ဆက်လက်၍ ယူနက်စကိုက သုတေသနပြုလုပ် ပုံနှိပ်ဖြန့်ဝေသည့် အစီရင်ခံစာ များ ဖြစ်သည့် Learning to be: the world of education Today and Tomorrow ၊ Learning:  the treasure within ၊ Global Education Monitoring Report 2017/18: Accountability in Education ၊ The Digital Transformation of Education : Connecting Schools Empowering Learners ၊ OECD က သုတေသနပြုလုပ် ပုံနှိပ်ဖြန့်ဝေသည့် အစီရင်ခံစာ များ ဖြစ်သည့် Trends Shaping Education 2019 ၊ Future of Education and Skills 2030: OECD Learning Compass 2030  ၊ AHK, Myanmar Survey Research, Roland Berger က သုတေသနပြုလုပ် ပုံနှိပ်ဖြန့်ဝေသည့် အစီရင်ခံစာ Industry 4.0 in Myanmar: Leapfrogging across sectors and how to overcome the barriers ၊ The Education Commission က သုတေသနပြုလုပ် ပုံနှိပ်ဖြန့်ဝေသည့် အစီရင်ခံစာများ ဖြစ်သည့် Learning Generation: Investing in Education for a Changing World ၊ Transforming the Education Workforce: Learning teams for a learning generation နှင့် Save Our Future: Averting Education Catastrophe for the World’s Children ၊ World Bank က သုတေသနပြုလုပ် ပုံနှိပ်ဖြန့်ဝေသည့် အစီရင်ခံစာများ ဖြစ်သည့် Protecting People and Economies: Integrated Policy Responses to COVID-19, The COVID-19 Pandemic: Shocks to Education and Policy Responses တို့မှ အကြောင်းအရာများကို ဆွေးနွေးပြောကြားပါသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ဖြင့် ပညာရေးပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကြောင့် ကျောင်းနေနှုန်းမြင့်မားလာသကဲ့သို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်မှု နှုန်းမြင့်မားလာပါကြောင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေးစနစ်သစ်အရ သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တိုင်းရင်းသားကလေးငယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား (ဒေသသင်ရိုး) သင်ယူနိုင်ရန် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးခြင်း၊ ဆရာ ဆရာမများအားလုံးတို့ကို သင်ကြား သင်ယူမှုနည်းလမ်းများ သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြုပြင်ပြောင်းလဲခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးခြင်း၊ တိုင်းရင်းသားဒေသများ ဦးစားပေး၍ သင်ယူမှု အခွင့်အလမ်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ စသည်တို့ ဖြည့်ဆည်း ပံ့ပိုးခြင်း၊ ပညာရေးတွင် ပိုမို ရင်းနှီးမြုပ်နှံခြင်းတို့ဖြင့် အရည်အသွေးရှိသော ပညာရေးကို ဦးတည် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၃၀ ကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ပညာရေးတွင် ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းရေးဆွဲပြုစု၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀၊ Sustainable Development Goals-SDGs တို့နှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ တိုင်းရင်းသား ပြည်သူများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်မည့် အရည်အသွေးရှိသည့် ပညာရေးစနစ် ဖြစ်လာစေရန် ညီညီညွတ်ညွတ်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပါကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ် (စိန်ပေါလ်)က ကျေးဇူးတင်စကားပြောကြား၍ သင်တန်းကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဆွေးနွေးပို့ချသည့် သင်တန်းသို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဌ ဆရာကြီးဦးနေအုပ်နှင့်   သင်တန်းသား သင်တန်းသူများ၊ ဒုတိယကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယခုဖွင့်လှစ်ခဲ့သည့် အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်)မှ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများအတွက် ကျောင်းစီမံ အုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အမှတ်စဉ်(၁/၂၀၂၁) သင်တန်းတွင် တိုင်းဒေသကြီး ပြည်နယ်များမှ သင်တန်းသား  သင်တန်းသူ စုစုပေါင်း   (၈၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်စပ်ဖတ်ရှုရန် >>> ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ် 

Source: Ministy of Education 

Local News Read 1718 times