ရာထူးမှထုတ်ပယ်ခံရသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်

ရာထူးမှထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသည့် ပညာရေးဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ (၉) ရက်နေ့က ကျင်းပသော တတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဆရာဆရာမ မပြည့်စုံသော ကျောင်းများတွင် ဆရာ ဆရာမ ခန့်ထားပေးနိုင်ရေး၊ ပညာရေးကောလိပ်များတွင် ဒေသခံတိုင်းရင်းသားများ ပိုမို တက်ရောက်ခွင့်ရရှိရေးနှင့် ပညာရေးဝန်ထမ်းများ ဌာနသို့ ပြန်လည် ဝင်ရောက်လိုပါက ဦးစားပေး ခန့်ထားနိုင်ရေးတို့အား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒေသခံတိုင်းရင်းသားများထဲမှ တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ရရှိသော အခြေခံပညာကျောင်းများတွင် စာပေသင်ကြားရေးအထောက်အကူပြုအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ကြောင်း ဖြေကြားခဲ့သည်။

ထိုသို့လျှောက်ထားရာတွင် သက်ဆိုင်ရာတိုင်းရင်းသား စာပေကို အရေး၊ အဖတ်၊ သင်ကြားနိုင်သူဖြစ်ပြီး (Teaching Assistant-TA) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်း Grade 10 အောင်မြင်သူဖြစ်ပြီး (Language Teacher-LT) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းမှာ မူလတန်းဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အဆိုပြုလျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနများသို့ ပေးပို့ပြီး အဆင့်ဆင့် စိစစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းသို့ တက်ရောက်ခွင့်ရရှိပြီး အခြေခံပညာဦးစီးဌာနမှ TA/LT(ပုတ်ပြတ်)အဖြစ် နှစ်စဉ် ခန့်ထားပေးလျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ဘွဲ့ရရှိပြီးသူများအတွက် ပညာရေးဒီဂရီ ကောလိပ်များတွင် ဖွင့်လှစ်လျက်ရှိသည့် ပညာရေးနှင့်သင်ပြပညာရေးဒီဂရီကောလိပ်များတွင် (Diploma in Education and Pedagogy- Dip.EP) သင်တန်းသို့ တက်ရောက်၍ မူလတန်းပြများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အခြေခံပညာဦးစီးဌာနအနေဖြင့်လည်း ဒေသအခြေအနေအရ ယာယီပိတ်ထားရသော ကျောင်းများမှ သတင်းပို့ဆက်သွယ်လာသည့် ဝန်ထမ်းများအနေဖြင့် ဖွင့်ကျောင်းများတွင် ယာယီတွဲဖက်တာ ဝန်ထမ်းဆောင်လိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်လာပါက သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများက စိစစ်ပြီး တွဲဖက်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

သတင်းပေးပို့ဆက်သွယ်ခြင်းမရှိသည့် ဝန်ထမ်းများကို လစာရပ်ဆိုင်းထားခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသည့် ပညာရေးဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့ ကိုယ်တိုင် သတင်းပို့ဆက်သွယ်လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါဝန်ထမ်းအား ဌာနဆိုင်ရာ စစ်ဆေးမှုပြုပြီး အပြစ်မရှိကြောင်း အကြောင်းပြချက် ခိုင်လုံပါက အလုပ် ပြန်လည် ခန့်အပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရာထူးမှထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသူများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

Latest Post Local News Read 43 times