Sales Hotline : 09448001653       Download App



ဇူလိုင်လ ၂၁ ရက်နေ့ ကျောင်းပေါင်း ၆၀၀၀ ကျော် ပြန်ဖွင့်မည်

YEMYO /MPA

ဇူလိုင်လ ၂၁ ရက်နေ့ ကျောင်းပေါင်း ၆၀၀၀ ကျော် ပြန်ဖွင့်မည် 

မြန်မာတစ်နိုင်ငံလုံးက အစိုးရကျောင်းတွေမှာ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၁၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် တစ်နိုင်ငံလုံး ကျောင်းပေါင်း ၆၀၀၀ ကျော် ပြန်ဖွင့်ဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက  ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ သောကြာနေ့အထိ ရက်သတ္တပတ် တစ်ပတ်လုံး ကျောင်းအပ်ကာလ သတ်မှတ်ထားပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ခပ်ခွာခွာ နည်းလမ်းနဲ့ စတင် ကျောင်းအပ်နေကြတာကိုလည်းမြင်တွေ့ရပါတယ်။

ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဖို့ ဆရာမတွေကို လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် ကျောင်းပေါင်း ၆၀၀၀ ကျော်ဟာ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလည်းဖြစ်ပါတယ်။

ကိုဗစ် ရောဂါ ကာလအတွင်းမှာ ဒီလို ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ ဒေါက်တာတင်မောင်ဝင်းက " ကျောင်းဝင်ကတည်းက ဆိုရှယ်ဒစ်စတန်းဆင်း ထားပြီး ဝင်ဖို့၊ ပြီးရင် အပူချိန်တိုင်းမယ်။ လက်ဆေးမယ် ဖျားနေတဲ့ကလေးကတော့ လုံး၀ ကျောင်းထဲမဝင်ဖို့ပေါ့၊ မတော်တဆ ကိုယ်အပူချိန်တက်မယ်ဆို အခန်းသီးသန့်ထား ထားဖို့ လမ်းညွှန်ထားတယ် " လို့ဆိုပါတယ်။

ကျောင်းတွေရဲ့ ကျန်းမာရေးလုံခြုံမှုနဲ့ ပတ်သက်လို့ ရန်ကုန်နဲ့ နေပြည်တော်တို့လို ကျောင်းဖယ်ရီကားရှိတဲ့ နေရာတွေ အတွက်လည်း ကျောင်းကားမောင်းသူတွေ ယာဉ်နောက်လိုက်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဇူလိုင်၁၃ ရက် ကျောင်းအပ်တဲ့နေ့မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခွာကာ တန်းစီပြီး ကျောင်းအပ်ခဲ့ရတယ်လို့ တောင်ဥက္ကလာပ မြို့နယ်ထဲက ဆယ်တန်းကျောင်းသားမိခင် တစ်ဦးကဆိုပါတယ်။

တစ်ချို့ ကျောင်းသားမိဘတွေကတော့ စိုးရိမ်စိတ်တွေရှိပေမဲ့ ကျောင်းတစ်နှစ် မတက်လိုက်ရမှာစိုးတဲ့အတွက် ကျောင်းထားရတာတွေလည်း ရှိပါတယ်။

ပုံမှန်အားဖြင့် အထက်တန်းကျောင်းတွေကို ဖွင့်ပြီးတဲ့အခါ အလယ်တန်း၊ မူလတန်း အဆင့်ဆင့် ဆက်ဖွင့်သွားဖို့ လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့ အထက ၁၆ က ကျောင်းအုပ် ဒေါက်တာသန်းထက်စိုးက ပြောပါတယ်။

" နိုင်ငံတော်က ပေးထားတဲ့ ပုံနှိပ်စာအုပ်တွေ လုံလုံလောက်လောက် တစ်ခါတည်း ဖြန့်ဖြူးတယ်။ နောက် အထက ၁၆ အစီအစဉ်နဲ့ လျှော်လို့ရတဲ့ mask တစ်ခုပေးတယ်။ နောက်ခွဲစိတ်ခန်းသုံးMask နှစ်ခုဆီပေးတယ်" လို့သူကပြောပါတယ်။

ကိုဗစ် ရောဂါ ကာကွယ်ရေးအတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို အဝတ် Mask နှစ်ခု၊ Face Shied မျက်နှာအကာ တစ်ခုစီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ကျောင်းတိုင်းကို ကျောင်းသားတစ်ရာကို ကိုယ်အပူချိန်တိုင်း ကိရိယာ တစ်ခုနှုန်း၊ ကျောင်းသား ၅၀၀ ကို နှစ်ခုနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၇၈၀၀၀ ကျော်ဖိုး သုံးစွဲသွားမယ်လို့ အခြေခံပညာဦးစီးဌာန ကနေ သိရပါတယ်။

အခု ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် လိုက်နာရမယ့် လိုက်နာချက်တွေထဲမှာ မျက်နှာအကာတပ်ပြီး ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို ညွှန်ကြားချက်အတိုင်း စနစ်တကျ တပ်ဆင်ဖို့ ၊ လူစုလူဝေးဖြစ်စေမယ့် ကျောင်းတွင်း လှုပ်ရှားမှုတွေကို ရှောင်ကြဖို့နဲ့ စာသင်ခန်းအတွင်း ကျောင်းသူကျောင်းသားအချင်းချင်း ကိုဗစ်ရောဂါ ကာကွယ်အသိပညာပေး အချက်တွေကို ပြန့်ပွားစေဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းစာသင်ခန်းအတွင်း တစ်ဦးနဲ့ တစ်ဦး အတတ်နိုင်ဆုံး ခြောက်ပေအကွာ နေရာချထားရေး စီစဉ်ထားသလို ဒီလို နေရာချထားတဲ့ အကွာအဝေးတွေကြောင့် စာသင်ခန်း လုံလောက်မှုရှိရန် ကျောင်းစာသင်ချိန်တွေကိုလည်း လျှော့ချထားပါတယ်။

တစ်ရက်ကို အများဆုံး စာသင်ချိန် လေးနာရီခန့်သာ သင်ကြားဖို့ နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာက သိရပါတယ်။

ကိုဗစ်ကြောင့် ကျောင်းချိန်တွေ ခွဲခြားပြီး တက်ရတဲ့အခါ ကျောင်းဆရာ မလုံလောက်မှုတွေနဲ့ ကြုံနေရသလို နဂိုကတည်းကလည်း ကျောင်းဆရာလုံလောက်မှု မရှိဘူးလို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

" ဖြည့်မှာပါ ။ အခု လတ်တလောကတော့ ပညာရေးတက္ကသိုလ်က ဆင်းထားတဲ့ သင်တန်းဆင်းတွေရှိတယ် သူတို့ကတော့ အထက်တန်းပြတွေဖြစ်မှာပေါ့။ တစ်ထောင်ကျော်လောက်ရှိတာပေါ့။ တကယ်တမ်း လိုအပ်နေတာ တစ်သောင်းလောက် လိုတာပေါ့နော်။ " လို့ဆိုပါတယ်။

အထက်တန်းအဆင့်တွေ ကျောင်းတွေ ဖွင့်လှစ်ပြီး အလယ်တန်းကို သြဂုတ်လ ၄ ရက်နေ့နဲ့ မူလတန်းကို သြဂုတ် ၁၁ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာနကနေ သတင်းရရှိပါတယ်။

 

BBC Burmese 

Latest Post News Tips Read 4806 times