ဒီနေ့မှာတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ် (သို့) ပညာသင်ဆုလျှောက်မယ်ဆိုရင် သိထားသင့်တဲ့ စာမေးပွဲနှစ်ခုအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ တစ်ခုက SAT (Scholastic Assessment Test) ဖြစ်ပြီး နောက်တစ်ခုကတော့ ACT (American College Testing) ဖြစ်ပါတယ်။
မတူညီတာတွေ မပြောခင် တူညီတာကို အရင်ပြောရမယ်ဆိုရင် ဒီစာမေးပွဲနှစ်ခုလုံးက နိုင်ငံတကာကောလိပ်/တက္ကသိုလ် ဝင်ခွင့်အတွက် အရေးပါပြီး နိုင်ငံခြားမှာ ဘွဲ့ကြိုပရိုဂရမ်လျှောက်မယ့်ကျောင်းသားတွေ ဖြေဆိုလေ့ ရှိပါတယ်။ နှစ်ခုစလုံးက အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ်ပြီး SAT ကို College Board နှင့် ACT ကို ACT အဖွဲ့အစည်းက စီမံခန့်ခွဲပါတယ်။
တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူတွေ၊ IGCSE O Level (သို့) GED ဖြေဆိုပြီးသူတွေ၊ အသက် (၁၆) နှစ်အထက်ရှိတဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ပြည်ပတက္ကသိုလ်/ကောလိပ်မှာ တက်ရောက်ဖို့ ပြင်ဆင်နေကြသူတွေနဲ့ နိုင်ငံတကာထိပ်တန်းတက္ကသိုလ်တွေမှ ပညာတော်သင်ဆုကို ရယူလိုသူတွေအနေနဲ့ ဖြေဆိုထားသင့်ပါတယ်။
SAT နှင့် ACT ကွာခြားချက်များ
မတူညီတာကတော့ SAT နဲ့ ACT မှာ ဖြေဆိုရတဲ့ ဘာသာရပ်၊ စာမေးပွဲပုံစံ၊ အချိန်သတ်မှတ်ချက်နဲ့ အမှတ်ပေးစည်းမျဉ်းတွေပဲ ဖြစ်ပါတယ်။
SAT (Scholastic Assessment Test)
SAT မှာ Reading and Writing (R&W) နှင့် Math ဆိုပြီး နှစ်ခုပဲ ဖြေဆိုရပါတယ်။ R&W မှာ မေးခွန်း (၅၄) ခု ပါရှိပြီး အချိန် (၁) နာရီ (၄) မိနစ် ရရှိပါမယ်။ Math မှာ မေးခွန်း (၄၄) ခု ပါရှိပြီး ဖြေဆိုချိန် (၁) နာရီ (၁၀) မိနစ် ရပါတယ်။ ဒါကြောင့် SAT ရဲ့ စာမေးပွဲဖြေဆိုချိန်မှာ စုစုပေါင်း (၂) နာရီ (၁၄) မိနစ် ဖြစ်ပါတယ်။
အမှတ်ပေးပုံကတော့ SAT ကို အမှတ်အနည်းဆုံး (၄၀၀) ကနေ အများဆုံး (၁၆၀၀) အထိ သတ်မှတ်ထားပါတယ်။ SAT အတွက် National Average ကို အမှတ် (၁၀၅၀) အဖြစ် သတ်မှတ်ပြီး ဒီထက်အမှတ် ပိုများရင် နိုင်ငံတကာတက္ကသိုလ်တွေမှာ ဝင်ခွင့် လျှောက်ထားနိုင်ပါပြီ။
SAT စာမေးပွဲဖြေဖို့ ပြင်ဆင်ချိန်အနေနဲ့ (၁) နှစ်ကနေ (၂) နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ စာမေးပွဲက Adaptive ပုံစံဖြစ်တဲ့အတွက် ဖြေဆိုသူအပေါ် မူတည်ပြီး မေးခွန်းတွေက အလွယ်/အခက် အပြောင်းအလဲဖြစ်သွားမှာ ဖြစ်ပါတယ်။
SAT စာမေးပွဲကို March၊ May၊ June၊ August၊ September၊ October၊ November နှင့် December လတို့မှာ ကျင်းပလေ့ရှိပါတယ်။ ဖြေဆိုလိုသူတွေအနေနဲ့ SAT စာမေးပွဲ ကျင်းပခွင့် Approved ရထားတဲ့ ကျောင်းတွေနဲ့ Center တွေမှာ မိမိအဆင်ပြေရာ Test date ရွေးပြီး ဖြေဆိုလို့ရပါတယ်။
ACT (American College Testing)
ACT မှာတော့ English၊ Math၊ Reading တို့ကို ဖြေဆိုရမှာဖြစ်ပြီး Optional အနေနဲ့ လိုအပ်ရင် Science နဲ့ Writing (Essay) တို့ကိုလည်း ဖြေဆိုနိုင်ပါတယ်။ English မှာ မေးခွန်း (၇၅) ခုရှိပြီး ဖြေဆိုချိန် (၃၅) မိနစ်၊ Math မှာ မေးခွန်း (၄၅) ခုရှိပြီး အချိန် (၅၀) မိနစ်၊ Reading မှာ မေးခွန်း (၄၀) ရှိပြီး ဖြေဆိုချိန် မိနစ် (၄၀) အချိန်ရပါတယ်။
ဒါကြောင့် စုစုပေါင်း စာမေးပွဲဖြေဆိုချိန် (၂) နာရီဖြစ်ပြီး Science ပါ ထပ်ဖြေမယ်ဆိုရင်တော့ စုစုပေါင်း (၂) နာရီ (၄၅) မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ Writing ပါ ထပ်ဖြေဦးမယ်ဆိုရင် နောက်ထပ် မိနစ် (၄၀) အချိန် ထပ်ကြာပါမယ်။
ကဏ္ဍတစ်ခုချင်းစီကို ရမှတ်အနည်းဆုံး (၁) ကနေ အများဆုံး (၃၆) အထိ အမှတ်ပေးပြီး ကဏ္ဍ (၄) ခုလုံးရဲ့ စုစုပေါင်းအမှတ်ကို ပျှမ်းမျှ တွက်ချက်ပေးပါတယ်။ ACT အတွက် National Average ကို (၁၉-၂၂) အဖြစ် သတ်မှတ်ပြီး (၂၅) ကျော်ရင် နိုင်ငံတကာက တက္ကသိုလ်တွေမှာ ဝင်ခွင့် လျှောက်လို့ရပါပြီ။
ACT ကို February၊ April၊ June၊ July၊ September၊ October နှင့် December တို့တွင် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံက Test Center တွေမှာ Register ကြိုလုပ်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ACT စာမေးပွဲအတွက် ပြင်ဆင်မယ်ဆိုရင် SAT လောက် အချိန်ယူစရာမလိုဘဲ (၃) လကနေ (၆) လဝန်းကျင်လောက်ဆို အဆင်ပြေပါတယ်။
စျေးနှုန်း
ခန့်မှန်းခြေအားဖြင့် SAT က US$121 ဝန်းကျင်ဖြစ်ပြီး ACT ကတော့ $186 ဝန်းကျင် ရှိပါတယ်။ ACT မှာ Science နှင့် Writing ပါထည့်ဖြေရင် Add-on Fee ထပ်ပေးရပါမယ်။
ဘယ်စာမေးပွဲကို ဖြေဆိုသင့်လဲ?
ACT နှင့် SAT အပေါ် နိုင်ငံတကာအသိအမှတ်ပြုမှုက အတူတူပဲ ဖြစ်တဲ့အတွက် မိမိ အဆင်ပြေရာကို ရွေးချယ် ဖြေဆိုနိုင်ပါတယ်။ ဒါပေမဲ့ SAT မှာတော့ Science ပိုင်း သီးသန့် မပါတဲ့အတွက် Science ကိုပါ ထည့်ဖြေချင်ရင် ACT ကို ရွေးချယ်ပါ။
မေးခွန်းအများကြီးကို အချိန်နည်းနည်းလေးမှာ ဖြေဖို့ မရဲဘူးဆိုရင်တော့ မေးခွန်းနဲ့ ပေးတဲ့အချိန် အချိုးကျတဲ့ SAT ကို ရွေးချယ်ပါ။ SAT က စဉ်းစားတွေးခေါ်မှုအပိုင်းကို ပိုပြီး အလေးပေးတဲ့ မေးခွန်းတွေ မေးပြီး ACT မှာကျတော့ တိုက်ရိုက်မေးခွန်းတွေ ဖြေဆိုရတာ များပါတယ်။
နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက စျေးနှုန်းနဲ့ ပြင်ဆင်ချိန်ပါ။ အချိန်တိုတိုတွင်း ပြင်ဆင်ပြီး စာမေးပွဲဖြေလိုတယ်ဆိုရင် ACT ကို ရွေးချယ်နိုင်ပြီး စျေးသက်သာချင်တဲ့ဆိုရင်တော့ SAT ကို ရွေးချယ်နိုင်ပါတယ်။
===============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။