ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ

 

ပုဂ္ဂလိကကျောင်း တည်ထောင်ထားသူ (သို့) စတင်တည်ထောင်လိုသူများအနေဖြင့် မြန်မာနိုင်ငံ၏  ပုဂ္ဂလိကပညာရေးဥပဒေတွင် ပါဝင်သည့် တားမြစ်ချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်ပါသည်။ အဆိုပါ တားမြစ်ချက်တစ်ရပ်ရပ်ကို မလိုက်နာခြင်း၊ ဖောက်ဖျက်ခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးယူခံရနိုင်ပြီး ပြစ်မှုအလိုက် ပြစ်ဒဏ်များလည်း ချမှတ်ခံရမည်ဖြစ်သည်။

 

ထို့ကြောင့် ပုဂ္ဂလိကကျောင်း တည်ထောင်သူ၊ စီမံအုပ်ချုပ်သူများအနေဖြင့် သိရှိထားသင့်သည့် ပုဂ္ဂလိကပညာရေးဥပဒေပါ တားမြစ်ချက်များနှင့် အရေးယူခံရမည့် ပြစ်ဒဏ်များကို မျှဝေသွားပါမည်။

 

Related : ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်နှင့် သတ်မှတ်စံနှုန်းများ

>> https://www.edge.com.mm/article/private-schools-registration.html

 

ပုဂ္ဂလိကကျောင်းဆိုင်ရာ တားမြစ်ချက် ပုဒ်မများ

၅၇။ မှတ်ပုံတင် လက်မှတ်မရှိဘဲ ကျောင်းကိုတည်ထောင် ဖွင့်လှစ်ခြင်းမပြုရ။

၅၈။ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့်ကာလအတွင်း ကျောင်းမဖွင့်ရ

၅၉။ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်းမပြုရ၊ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင် ပြောင်းလဲခြင်း မပြုရ၊ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် အချင်းချင်းပေါင်းစည်းခြင်း မပြုရ

၆၀။ ကျောင်း၏အမည်နှင့်စပ်လျဉ်း၍ ပြည်တွင်း သို့မဟုတ် ပြည်ပရှိကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစ်ခုခုနှင့် တရားဝင်ပေါင်းစပ်မှုရှိသည်ဟု အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသော အမည်နှင့် အသုံးအနှုန်းများကို သုံးစွဲခြင်းမပြုရ

၆၁။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသောသူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်း မပြုရ

၆၂။ ကျောင်း၏ ပရိဝုဏ် သို့မဟုတ် အဆောက်အဦးတွင် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ဆောင်မှုများ၊ အများပြည်သူကို ထိခိုက်နစ်နာစေသော လုပ်ဆောင်မှုများ၊ ကျောင်းလုပ်ငန်းနှင့် လျော်ကန်မှုမရှိသော လုပ်ဆောင်မှုများ မပြုလုပ်ရ။

၆၃။ ကျောင်းတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေး၊ သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေနိုင်သော လုပ်ရပ်များ မပြုလုပ်ရ။

၆၄။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဂ္ဂလိကကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်း မပြုရ

၆၅။ စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့် ကာလအတွင်း ပုဂ္ဂလိကကျောင်း ဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

၆၆။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်း မပြုရ၊ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ပြောင်းလဲခြင်း မပြုရ

၆၇။ ကျောင်းများတွင် ဘာသာရေးကို ထိခိုက်စေမည့် အကြောင်းအရာများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်း ပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်းတို့ မပြုရ

၆၈။ ကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်း မပြုရ။

၆၉။ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသူမှအပ မည်သူမျှ တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

 

အရေးယူခြင်းနှင့် အယူခံဝင်ခြင်း 

ပုဂ္ဂလိကပညာရေးဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်ခံရနိုင်သည်-

(က) စာဖြင့်သတိပေးခြင်း၊

(ခ) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ဂ) ကျောင်းမှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဃ)  ကျောင်းမှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်း၊

(င) ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်၍ အမည်ပျက်စာရင်း ထည့်သွင်းခြင်း။

ကြီးကြပ်ရေးအဖွဲ့မှ ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ဝန်ကြီးဌာနကဖွဲ့စည်းသော အယူခံအဖွဲ့သို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံ ဝင်ရောက်နိုင်သည်။

 

ပြစ်မှုနှင့် ပြစ်ဒဏ်များ

- ပုဒ်မ ၅၇ ကို ဖောက်ဖျက်လျှင် ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃ဝ၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။

- ပုဒ်မ ၅၈၊ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ တို့ကို ဖောက်ဖျက်လျှင် ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။

- ပုဒ်မ ၆၁၊ ပုဒ်မ ၆၂ နှင့် ပုဒ်မ ၆၃ တို့ကို ဖောက်ဖျက်လျှင် ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃ဝဝ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။

- ပုဒ်မ ၆၄ နှင့် ပုဒ်မ ၆၅ တို့ကို ဖောက်ဖျက်လျှင် ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိ ချမှတ်ခံရမည်။

- ပုဒ်မ ၆၆၊ ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၈ တို့ကို ဖောက်ဖက်လျှင် ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။

- ပုဒ်မ ၆၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။

 

High Kindergarten Pre-school Read 377 times