အမေရိကန်တက္ကသိုလ် (၃၀) ရန်ပုံငွေဖြတ်တောက်ခံရနိုင်ဖွယ်ရှိ

အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဌာန (ပင်တဂွန်) က နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သော ပြည်ပပညာရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်စစ်ဆေးပြီး ရပ်တန့်ရန် အမေရိကန်တက္ကသိုလ် (၃၀) ကို အကြောင်းကြားထားကြောင်း သိရသည်။

တက္ကသိုလ်များကို အဆိုပါ စစ်ဆေးမှုအတွက် ဩဂုတ်လ (၃၁) ရက်နေ့အထိ အချိန်ပေးထားပြီး လိုက်နာရန် ပျက်ကွက်ပါက ဖက်ဒရယ်ရန်ပုံငွေများ ဖြတ်တောက်ခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမေရိကန်တက္ကသိုလ် (၃၀) တွင် Harvard၊ Massachusetts Institute of Technology၊ Johns Hopkins၊ Georgetown နှင့် Cornell စသည့် နာမည်ကြီးတက္ကသိုလ်များ ပါဝင်နေသည်။

အဆိုပါအမိန့်သည် အမေရိကန်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လွဲမှားစွာအသုံးချခံရခြင်းတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားတက္ကသိုလ် (၁၃၀) စာရင်းကို ပင်တဂွန်က လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အဆိုပါစာရင်းတွင် University of Science and Technology of China နှင့် Academy of Military Medical Sciences တို့အပါအဝင် အများစုမှာ တရုတ်အဖွဲ့အစည်းများ ဖြစ်ကြပြီး ရုရှားနှင့် အီရန် အဖွဲ့အစည်း အချို့လည်း ပါဝင်သည်။

အဆိုပါစာရင်းပါ နိုင်ငံခြားတက္ကသိုလ်များသည် အမေရိကန်၏ သုတေသနနှင့် နည်းပညာများကို ပြည်ပအစိုးရများထံသို့ လွှဲပြောင်းပေးနိုင်သည့် လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်နေကြောင်း ပင်တဂွန်က စွပ်စွဲထားသည်။

ပင်တဂွန်၏ နည်းပညာအရာရှိချုပ် Emil Michael က “စစ်ဘက်ဆိုင်ရာဌာနအနေဖြင့် ကျွန်ုပ်တို့၏ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လုံးဝ လက်ခံမည်မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။

ယခုလို ပြန်လည်စစ်ဆေးမှုများသည် အမေရိကန်ပြည်သူ့အခွန်ငွေဖြင့် လုပ်ဆောင်နေသော သုတေသနများကို ခွင့်ပြုချက်မရှိဘဲ နည်းပညာလွှဲပြောင်းခြင်း၊ ဉာဏပစ္စည်း မူပိုင်ခွင့် ခိုးယူခံရခြင်းနှင့် ပြည်ပရန်သူများ၏ အသုံးချခြင်းတို့မှ ကာကွယ်ရန် ရည်ရွယ်ကြောင်း ပင်တဂွန်က ဆိုသည်။

တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း Associated Press သို့ ပြောကြားရာတွင် ပညာရေးဖလှယ်မှုများကို နိုင်ငံရေးအရ အသုံးချခြင်းအား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံအကြား ပညာရေးနှင့် သိပ္ပံဆိုင်ရာ ဖလှယ်မှုများအတွက် စစ်အေးခေတ် အတွေးအခေါ်ကို စွန့်လွှတ်ကာ ပွင့်လင်းမြင်သာပြီး ခွဲခြားဆက်ဆံမှုမရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဝါရှင်တန်အား တိုက်တွန်းခဲ့သည်။

International News Latest Post Read 10 times