Sales Hotline : 09448001653   Find A Tutor     Download App



IELTS Speaking Test ဖြေဆိုတဲ့အခါ သတိထားရမယ့် အချက် ( ၁၀ ) ချက်

 

 

IELTS ဆိုတာကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ပဲဖြစ်ဖြစ်၊ ပညာသင်ဆုတွေကို လျှောက်ထားဖို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်တစ်ခုအတွက် ဖြေဆိုရတဲ့ အရည်အချင်းစစ်စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ 

 

ဒီတစ်ခါမှာတော့ IELTS ဖြေဆိုမယ့်သူတိုင်းအတွက် Speaking Test Exam မှာ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ကျောင်းသားအများစုက Speaking Test Exam လို့ ပြောလိုက်ရင် ပေးထားတဲ့ အချိန်အတွင်းမှာ ပြောနိုင်ဖို့ကိုပဲ အဓိက အာရုံစိုက်ကြပါတယ်။ 

 

အချိန်လုံလုံလောက်လောက် ပြီးချင်တဲ့စိတ်နဲ့ တချို့အရေးကြီးတဲ့ အချက်တွေကို မေ့လျော့သွားတတ်ကြပါတယ်။ ဒါဆို ဘယ်အချက်လေးတွေကို အဓိက သတိထားသင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်။

 

၁။ အဖြေများကို အလွတ်မကျက်ပါနဲ့

 

Speaking Test ဖြေဆိုတဲ့အခါ အထူးသဖြင့် အဖြေတွေကို အလွတ်မကျက်ထားပါနဲ့။ အဖြေတွေကို အလွတ်ကျက်ခြင်းက သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကျွမ်းကျင်မှုအတွက် တိကျတဲ့ရလာဒ်ကို ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုမေးခွန်းပဲလာလာ ဖြေဆိုဖို့ ကြိုတင်လေ့ကျင့်ခြင်းကသာ မှန်ကန်တဲ့ နည်းလမ်းတစ်ခု ဖြစ်စေမှာပါ။

 

၂။ စကားလုံးအမြင့်ကြီးတွေကို မသုံးပါနဲ့

 

Speaking Test မှာပုံမှန်အားဖြင့် ကျောင်းသားတွေက စကားလုံးအမြင့်ကြီးတွေကို သုံးပြီး စာစစ်သူရဲ့ အထင်ကြီးမှုကို ခံချင်ကြပါတယ်။ ကိုယ်က Skill များများပြချင်တာကြောင့် ကိုယ်လည်း အများကြီး မသိတဲ့၊ ကိုယ်နဲ့မရင်းနှီးတဲ့ စကားလုံးအမြင့်ကြီးတွေ လျှောက်သုံးတဲ့အခါ ကိုယ်ဖြေရမယ့် လိုရင်းနဲ့ လွဲချော်ပြီး အမှားတွေ ပါသွားနိုင်ပါတယ်။ ဒါကြောင့် Speaking Test မှာ ဒီအချက်ကိုလည်း သတိထားဖို့ အကြံပြုချင်ပါတယ်။

 

၃။ ကိုယ့်ရဲ့ အသံထွက် လေယူလေသိမ်းကို စိတ်မပူပါနဲ့

 

Speaking Test ဖြေဆိုတဲ့အခါမှာ စာစစ်သူနဲ့ ကိုယ်က မျက်နှာချင်းဆိုင် ပြောဆိုရတာ ဖြစ်တဲ့အပြင် စာစစ်သူက AI Machine မဟုတ်တဲ့အတွက် ကျောင်းသားတွေရဲ့ လေယူလေသိမ်း တော်တော်များများကို နားလည် သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ စာစစ်သူ နားလည်ပြီး ကြည်လင်ပြတ်သားတဲ့ အသံထွက်မျိုးကိုရရင် သင့်အတွက် အဆင်ပြေနေပါပြီ။ တစ်ခါတစ်လေမှာ ဖြေဆိုနေစဥ်အတွင်း စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ အသံထွက် လေယူလေသိမ်းမှာ ဖိအားတွေပေါ်ပြီး အသံထွက် မှားယွင်းသွားနိုင်တာမျိုးကို အထူးသတိပြုစေလိုပါတယ်။

 

၄။ စဥ်းစားဖို့အတွက် အချိန်ပေးပါ

 

ဖြေနေတဲ့အချိန်အတွင်း ဘာဆက်ပြောရမလဲ စဥ်းစားဖို့အတွက် အချိန်ပေးပါ။ ခဏရပ်လိုက်တာက သင့်ရဲ့ဖြေဆိုမှုမှာ မထိခိုက်နိုင်ပါဘူး။ ဖြေဆိုနေတဲ့ အချိန်အတွင်း အောက်မှာဖော်ပြထားတဲ့ စကားစုတွေကို အသုံးပြုပြီး ကိုယ်နောက်ထပ်ဘာပြောမလဲဆိုတာ စဥ်းစားဖို့ အချိန်ဆွဲထားနိုင်ပါတယ်

  • That's an interesting question

  • I have never thought about that, but...

  • Let me see

  • That's a good point

  • That's a difficult question, but I'll try and answer it

  • Well, some people say that is the case, however I think...

  • Let me think about that for a minute

                                                                           Advertisements

                                                                           Click Here > Asia Pacific

၅။ ဖြည့်စွက်စကားများအသုံးပြုခြင်းကိုရှောင်ပါ

ပုံမှန်အားဖြင့် ကျောင်းသားတွေက ဖြေနေတဲ့အချိန်အတွင်းမှာ ပြောနေရင်းနဲ့ ရုတ်တရက် ဘာဆက်ပြောရမှန်း မသိတော့ရင် ဖြည့်စွက်စကားလုံးတွေကို အသုံးပြုတတ်ကြပါတယ်။ ဒါက စာစစ်သူရဲ့ အမြင်မှာ သင့်ကို ဆက်ပြောဖို့အတွက် စိတ်ကူးအကြံဉာဏ် မရှိတော့ဘူး၊ ဘာသာစကားသုံးစွဲမှု မကျွမ်းကျင်ဘူးလို့ အထင်ခံစေနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုအခြေအနေမျိုး ဖြစ်သွားတဲ့အခါမှာ ဖြည့်စွက်စကားလုံးတွေကို သုံးမယ့်အစား အပေါ်က နံပါတ် ၄ မှာ ပြောထားတဲ့ စကားစုတွေကို သုံးဖို့ အကြံပြုချင်ပါတယ်။ 

မသုံးသင့်တဲ့ ဖြည့်စွက်စကားလုံးများ 

  • You know

  • Umm...

  • Ahh...

  • Ehh...

  • Well

  • Yeah…

  • Like…

 

၆။ စာမေးပွဲစစ်သူရဲ့ အမြင်ကို အာရုံမစိုက်ပါနဲ့

 

ကျောင်းသားအများစုက ကိုယ်ပြောလိုက်တဲ့ အဖြေရဲ့အပေါ်မှာ စာမေးပွဲစစ်သူက ဘယ်လိုထင်မလဲ၊ ဘယ်လိုသုံးသပ်မလဲဆိုတာ တွေးပြီး စိတ်ပူတတ်ကြပါတယ်။ အဲဒီအပေါ်မှာ စိတ်ဖိစီးမှုက ရောက်သွားတက်ပြီး ဖြေဆိုတဲ့နေရာမှာ ချင့်ချိန်ပြောဆိုလိုက်ရတာမျိုး ဖြစ်တတ်တဲ့အတွက် မလိုအပ်ပဲ အမှားပါသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မေးလာတဲ့ မေးခွန်းအပေါ်မှာသာ အာရုံစိုက်ပြီး ကိုယ်ဖြေချင်သလိုဖြေပါ။ စကားလုံး မှန်မှန်ကန်ကန် သုံးနိုင်ဖို့သာ အရေးကြီးပါတယ်။

 

၇။ အဖြေက ရသလောက် ဆွဲဆန့်ကြည့်ပါ

 

စာစစ်သူမေးတဲ့ မေးခွန်းအပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့အဖြေကို ရသလောက် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဖြေဆိုကြည့်ပါ။ စာစစ်သူက သင့်ရဲ့ဖြေဆိုမှုအပေါ်မှာ အစဖော်ပေးရတာ၊ ထောက်ပေးရတာမျိုး မဖြစ်ရအောင်ဖြေပါ။ ကိုယ့်ရဲ့ အဖြေက အရမ်းတိုတဲ့အခါမှာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး အသေးစိတ် မသိဘူးလို့ စာစစ်သူက ထင်ကောင်းထင်သွားနိုင်ပါတယ်။ 

 

၈။ သင့်ရဲ့အပြုံးက အသံထွက်ကို အထောက်အကူပြုနိုင်ပါတယ်

 

ပြုံးပါ။ ဖြေဆိုနေတဲ့ အချိန်အတွင်း ကျောက်ရုပ်ကြီးလို တုန်လှုပ်ခြောက်ခြားပြီး ရုပ်တည်ကြီးနဲ့ မလှုပ်မယှက်နေတာမျိုးကို လုံးဝရှောင်ရှားပါ။ ပြုံးခြင်းက သင့်ရဲ့ အာရုံကြောတွေကို တည်ငြိမ်အောင် ကူညီပေးပြီး အသံထွက်ခြင်းကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ အသံထွက်ကို ကြည်လင်ပြတ်သားဖို့အတွက် သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပါ။ ပြုံးတဲ့အခါ ပါးစပ်က ပိုကျယ်ပြီး အသံနေအသံထားက ပိုမိုရှင်းလင်း ဖော်ရွေစေပါတယ်။

 

၉။ Grammar အသုံးအနှုန်းကို သတိပြုပါ

 

Speaking Test ဖြေဆိုတဲ့အခါမှာ စာစစ်သူတွေက သဒ္ဒါပိုင်းနဲ့ ပတ်သက်ပြီး အောက်ပါအချက်တွေကို သတိထားလေ့ ရှိကြပါတယ်_

 

  • သွက်လက်မှု နှင့် ပေါင်းစပ်မှု (Fluency and Coherence)

  • စကားလုံးအရင်းအမြစ် (Lexical Resource)

  • သဒ္ဒါအပိုင်းအခြားနှင့် တိကျမှု (Grammatical Range and Accuracy)

 

၁၀။ ဘာမှမတုံ့ပြန်တာမျိုးကို ရှောင်ပါ

 

စာစစ်သူရဲ့ မေးခွန်းကို နားမလည်လိုက်တဲ့အခါ ဒါမှမဟုတ် ဖြေဖို့အတွက် အဖြေမသိတဲ့အခါမျိုးမှာ ဘာမှပြန်မပြောပဲ ရေငုံနှုတ်ပိတ်နေတာက နည်းလမ်းကောင်းတစ်ခု မဟုတ်ပါဘူး။ ကိုယ်နားမလည်လိုက်တဲ့ မေးခွန်းကို နောက်တစ်ခါ ပြန်ပြောပြပေးဖို့ Request လုပ်တာ၊ အဖြေကို ရသလောက် ကြိုးစားပြီး ဖြေကြည့်လိုက်တာမျိုးသာ လုပ်သင့်ပါတယ်။

 

Knowledge Latest Post Read 299 times