သင့်အတွက် ပညာရပ်အသစ်တစ်ခုကို စတင် လေ့လာတဲ့အခါမှာ သင်ယူမှုအဆင့် (၄) ဆင့်ကို မဖြစ်မနေ ဖြတ်ကျော်ရပါတယ်။ သင်ယူမှုဖြစ်စဉ်တိုင်းမှာ Unconscious Incompetence၊ Conscious Incompetence၊ Conscious Competence နဲ့ Unconscious Competence လို့ခေါ်တဲ့ အဆင့် (၄) ဆင့်ကို တွေ့ကြုံရမှာပါ။ ဒီအတွေ့အကြုံတစ်ခုချင်းစီကို အောက်မှာ အသေးစိတ် ရှင်းပြပေးသွားပါမယ်။
Stage 1: Unconscious Incompetence (ဘယ်ကစလို့စရမှန်း မသိတဲ့အဆင့်)
ဒီအဆင့်က သင်မသိတာ (သို့) သင်မသိတာကိုတောင် သတိမပြုမိသေးတဲ့ အဆင့်ဖြစ်ပါတယ်။ သင်ယူမှုရဲ့ အလွယ်ကူဆုံးအဆင့်လို့လည်း သတ်မှတ်ထားကြပါတယ်။ ဒီအဆင့်မှာတော့ တစ်ခုခုကို စိတ်ဝင်စားလာတာ၊ တစ်ခုခုအကြောင်းကို သိချင်လာတာ၊ ပညာရပ်တစ်ခုခုကို လေ့လာဖို့ ပြင်ဆင်တာတွေကို အဓိကထား လုပ်ဆောင်ပါတယ်။ ဒီအဆင့်မှာ လူတစ်ယောက်က ကြာကြာမနေပါဘူး။ လူတွေက မသိတဲ့အဆင့်ကနေ သိအောင်လုပ်မယ့် နည်းလမ်းတွေကို ရှာဖွေတဲ့ Stage (2) ကို ချက်ချင်း သွားပါတယ်။
Stage 2: Conscious Incompetence (နည်းလမ်းရှာတွေ့တဲ့အဆင့်)
ဒီအဆင့်က အပေါ်မှာ Intro ဝင်ခဲ့သလိုပဲ သင်သိချင်တဲ့ အရာတွေကို ဘယ်လို လေ့လာရမလဲ၊ ဘာတွေလေ့လာရမလဲဆိုတာကို စတင် လုပ်ဆောင်ရတာ ဖြစ်တာကြောင့် ဒီအဆင့်က ကျောင်းသားတွေအတွက် အခက်အခဲဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ မသိတဲ့ အရာတွေက ဘာတွေလဲဆိုတာကို သတိပြုမိလာပြီး သိအောင် လုပ်တော့မယ့်အဆင့်က ဒီအဆင့်ပါ။ ဒီအဆင့်မှာ သူတို့ သိဖို့ လိုအပ်တာတွေ၊ လေ့ကျင့်ရမှာတွေကို ရှာဖွေတွေ့ရှိသွားပြီး စတင် လေ့လာတော့မှာ ဖြစ်ပါတယ်။
Stage 3: Conscious Competence (လေ့လာတဲ့အဆင့်)
ဒီအဆင့်မှာတော့ သင်ယူမှုပန်းတိုင်ကို မရောက်သေးဘူးဆိုပေမဲ့ ကိုယ်သိလိုတဲ့ ပညာရပ်အကြောင်းကို တစ်ဝက်ကျော်လောက် နားလည်နေပါပြီ။ ကိုယ်လေ့လာနေတဲ့ ပညာရပ်အပေါ်လည်း ယုံကြည်မှု ရှိလာပြီး ပညာရပ်ကို သိနေတာထက် တိုးတက်အောင် လုပ်ဖို့ကိုပါ အသင့်ဖြစ်နေပါပြီ။ ဒီအဆင့်က အရမ်းအရေးကြီးတဲ့အတွက် ကျွမ်းကျင်မှုရှိလာဖို့ များများလေ့ကျင့်ပြီး လိုအပ်တဲ့ Skill တွေကိုပါ ထပ်ဖြည့်ရမှာ ဖြစ်ပါတယ်။
Stage 4: Unconscious Competence (ကျွမ်းကျင်တဲ့အဆင့်)
ဒါကတော့ သင်ယူမှုရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး ကိုယ်လေ့လာနေတဲ့ ပညာရပ်ကို လုံး၀ ကျွမ်းကျင်တက်မြောက်သွားတဲ့ အဆင့် ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့အတွက် မစဉ်းစားဘဲနဲ့တောင် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဥပမာ - စပါကတီ ချက်နည်း မသိခင်က ပါဝင်ပစ္စည်းနဲ့ အချိန်အဆကအစ မီးအပူရှိန်အဆုံး အသေးစိတ် မှတ်သားထားရတာဖြစ်ပြီး ဒီအဆင့်ရောက်သွားရင်တော့ တွေးနေစရာ မလိုဘဲတောင် အလိုအလျောက် စီမံ ချက်ပြုတ်နိုင်သွားပြီ ဖြစ်ပါတယ်။
ဘယ်လို ပညာရပ်ကို သင်ယူရတာပဲဖြစ်စေ ဒီအဆင့် (၄) ဆင့်ကို ကျော်ဖြတ်ရမှာ ဖြစ်ပေမဲ့ သင်က သင်ယူသူဖြစ်တဲ့အလျောက် နောက်ဆုံးအဆင့်အထိ ရောက်သွားတယ်ဆိုရင်တောင် စဉ်ဆက်မပြတ်လေ့လာမှု (Lifelong Learning) ကိုတော့ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။