တိကျသပ်ရပ်တဲ့ စာစီစာကုံးရေးသားနည်းနဲ့ ဆောင်ရန်/ရှောင်ရန်များ

အလယ်တန်းကနေစပြီး အထက်တန်းအထိ ဖြေဆိုရတဲ့ မေးခွန်းတွေထဲမှာ စာစီစာကုံးက မပါမဖြစ်ပါပြီး အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းတစ်ပုဒ်ဆိုလည်း ဟုတ်ပါတယ်။ မြန်မာစာဂုဏ်ထူးထွက်တယ်၊ မထွက်ဘူးဆိုတာက မိမိစာစီစာကုံးအရေးအသားပေါ်ကိုလည်း မူတည်ပါသေးတယ်။

ဒါကြောင့် အလယ်တန်းမှာတည်းက စာစီစာကုံး ဘယ်လိုရေးသားရမလဲ၊ စာစီစာကုံးမှာ အရေးအသား ဘယ်နှစ်မျိုးရှိလဲ၊ ဘာတွေသတိထားရှောင်ရမလဲဆိုတာကို ကြိုတင်ပြင်ဆင်နိုင်ဖို့ မျှဝေပေးသွားပါမယ်။

စာစီစာကုံး

စာစီစာကုံးဆိုတာ အကြောင်းအရာတစ်ခုကို အစီအအစဉ်တကျဖြစ်အောင်၊ ရှေ့နောက်ညီညွတ်အောင်၊ ဖတ်ရှုလို့ကောင်းအောင် စီကုံးရေးသားထားတဲ့စာကို စာစီစာကုံးလို့ခေါ်ပါတယ်။ 

စုတုပြု အဆင့်သုံးဆင့်

ဆရာကြီးမင်းသုဝဏ်ရဲ့ လမ်းညွှန်ချက်အရ စာစီစာကုံးကို အောက်ပါ အဆင့်သုံးဆင့်နဲ့ လေ့လာရေးသားနိုင်ပါတယ်။

စု - စာတွေ့၊ လက်တွေ့၊ ခံစားမှု၊ စိတ်ကူး၊ အချက်အလက် စတာတွေကို စုဆောင်းရတဲ့အဆင့်။

တု - ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေရဲ့ အရေးအသားကို အတုယူ လေ့ကျင့်တဲ့အဆင့်။

ပြု - မိမိကိုယ်တိုင်က အကြောင်းအရာ၊ စိတ်ကူး၊ အတွေး၊ စကားလုံးတွေကို ဝါကျဖွဲ့ရေးသားတဲ့အဆင့်။

စာစီစာကုံးအရေးအသား (၄) မျိုး

စာစီစာကုံးတစ်ပုဒ်ရေးသားတော့မယ်ဆိုရင် အရင်သိထားသင့်တာက ကိုယ်ရေးမယ့် စာစီစာကုံးက ဘယ်လိုအရေးအသားနဲ့ ရေးမလဲဆိုတာကို စတင် စဉ်းစားရပါမယ်။ စာစီစာကုံးအရေးအသားကို အကြမ်းမျဉ်း (၄) မျိုး ခွဲခြားနိုင်ပါတယ်။ 

  • သရုပ်ဖော်ရေးသားနည်း
  • ဖြစ်စဉ်ပြရေးသားနည်း
  • ဖွင့်ဆိုရှင်းပြရေးသားနည်း
  • ကျိုးကြောင်းပြရေးသားနည်း

သရုပ်ဖော်ရေးသားနည်း

သရုပ်ဖော်ရေးသားနည်းက သက်ရှိ၊ သက်မဲ့တို့ရဲ့ ပုံသဏ္ဍန်သွင်ပြင်၊ ဖြစ်ပျက်လှုပ်ရှားမှု၊ သဘာ၀ပတ်ဝန်းကျင်မြင်ကွင်း စတာတွေကို မြင်ယောင်ကြားယောင်လာအောင် အသေးစိတ် သရုပ်ဖော် ရေးဖွဲ့ထားတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။

ဥပမာ - မိုးရာသီအလှ၊ နွေနံနက်ခင်း၊ ညနေဆည်းဆာ။

ဖြစ်စဉ်ပြအရေးအသား

ဖြစ်စဉ်ဖြစ်ရပ်တွေကို အချိန်ကာလရွေ့လျားမှုအလိုက် အစဉ်အတိုင်း စီစဉ်ကာ ရေးသားရတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဖြစ်စဉ်ပြမှာ သရုပ်ဖော်ကိုလည်း ထည့်သွင်းရေးရတတ်ပါတယ်။ ဖြစ်စဉ်ပြအရေးအသားမှာ အဖြစ်အပျက်တွေကို ကွင်းဆက်မိမိ ဖော်ပြရပါတယ်။

ဥပမာ - အပျော်ဆုံးနေ့တစ်နေ့၊ အမှတ်မထင်ဖြစ်ရပ်တစ်ခု၊ အာစရိယပူဇော်ပွဲ။

ဖွင့်ဆိုရှင်းပြရေးသားနည်း

ဖွင့်ဆိုရှင်းပြရေးသားနည်းဆိုတာ အကြောင်းအရာတစ်ခုကို နားလည်သဘောပေါက်အောင် အနက်အဓိပ္ပါယ် တိတိကျကျကို ရှင်းလင်းဖွင့်ဆိုရေးသားရတဲ့ ရေးသားနည်းတစ်မျိုး ဖြစ်ပါတယ်။

ဥပမာ - အချိန်၏တန်ဖိုး၊ ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ ပညာရွှေအိုးလူမခိုး။

ကျိုးကြောင်းပြရေးသားနည်း

ဒီအကြောင်းတရားကြောင့် ဒီအကျိုးတရားဖြစ်ပေါ်လာတာ ဆိုပြီး အကြောင်းအကျိုး ဆက်စပ်ပုံ၊ သဘောတစ်ခုခု၊ အယူအဆတစ်ခုခု၊ ဆိုလိုချက်တစ်ခုခုကို ယုံကြည်လက်ခံလာအောင် အကျိုးအကြာင်း ဆက်စပ်ရေးသားပုံကို ကျိုးကြောင်းပြရေးသားနည်းလို့ ခေါ်ပါတယ်။

ဥပမာ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ စာဖတ်ခြင်း၏ အကျိုး။

သုတနဲ့ ရသ ကွဲပြားပုံ

ဒီရေးနည်း (၄) နည်းကို ဝေခွဲမရဖြစ်နေတတ်တဲ့ ကျောင်းသား/သူ၊ လူငယ်တွေအတွက် အဓိက ရေးသားလို့ရတဲ့ နည်း (၂) နည်းရှိပါသေးတယ်။ “သုတ" နဲ့ "ရသ" ဆိုတဲ့ ရေးနည်းပါ။

ဗဟုသုတ အကြောင်းအရာတွေကို အလေးပေး ရေးသားလိုရင် "သုတ" နဲ့ရေးမယ်။ ခံစားချက်တွေကို အလေးပေး ဖော်ပြရေးသားလိုရင် "ရသ" နဲ့ရေးမယ်။

စာမေးပွဲဖြေမယ့် ကျောင်းသား/သူတွေဆိုရင် ကိုယ်က ဘယ်အရေးအသားကို ပိုင်နိုင်မလဲ အရင်ရွေးပါ။ ပြီးမှသာ တွေးခေါ်ရေးသားပါ။ ဒါဆိုရင် ပိုပြီး အဆင်ပြေ လွယ်ကူစေပါလိမ့်မယ်။

စာစီစာကုံးရဲ့ အရေးကြီးတဲ့ အင်္ဂါရပ် (၃) ရပ်

စာစီစာကုံးရေးသားတဲ့အခါမှာ နိဒါန်း၊ စာကိုယ်၊ နိဂုံးဆိုပြီး အစ၊ အလယ်၊ အဆုံး အင်္ဂါရပ် (၃) ရပ်နဲ့ ပြည့်စုံရပါမယ်။ 

နိဒါန်း - မိမိရေးသားမယ့်အကြောင်းအရာကို စာဖတ်သူတို့ သိရှိအောင် မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ နိဒါန်းကို ဆွဲဆောင်မှုရှိတဲ့ အရေးအသားနဲ့ အစပျိုးပြီး တိုတိုနဲ့ လိုရင်းရေးသားသင့်ပါတယ်။

စာကိုယ် - စာကိုယ်မှာ မိမိရေးသားမယ့်အကြောင်းအရာကို အကျယ်တဝင့် ကိုးကားရေးသားတင်ပြရပါမယ်။ အကြောင်းအရာတစ်ခုချင်းစီ (ကဏ္ဍ) အလိုက် စာပိုဒ်ခွဲရေးရပါမယ်။ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ စကားပုံ၊ ဆိုရိုး၊ ကဗျာ၊ သမိုင်း စတဲ့ အထောက်အထားတွေကိုပါ ထည့်သွင်းရေးသားသင့်ပါတယ်။ 

နိဂုံး - အကြောင်းအရာတစ်ခုလုံးကို ခြုံငုံပြီး အနားသတ်ရေးသားပေးရတာ ဖြစ်ပါတယ်။ စာပိုဒ်အစမှာ "သို့ဖြစ်ရာ၊ ထို့ကြောင့်၊ အချုပ်အားဖြင့်ဆိုရသော်" စတဲ့ စကားလုံးတွေ သုံးရပါမယ်။ ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ ဝေဖန်သုံးသပ်ချက်တွေ၊ အမြင်တွေကို ထည့်ရေးရပါမယ်။ 

ရှောင်ရန်အချက်များ

  • အပြောစကားနဲ့ မရေးရ။ (ဥပမာ - တဲ့၊ လို့၊ ရင်)
  • ကာရန်လိုက်အောင် မရေးရ။
  • မသေချာတဲ့ အချက်တွေ၊ မထင်ရှားတဲ့ သာဓကတွေ ထည့်မရေးရ။
  • အချက်တစ်ချက်တည်းကို အကြိမ်ကြိမ် ထပ်မရေးရ။
  • အင်္ဂလိပ်ဂဏန်း၊ စကားလုံးတွေကို ရောညှပ်မရေးရ။
  • ဗန်းစကားများ မသုံးရ။
  • တိုက်တွန်းဝါကျတွေ၊ မေးခွန်းဝါကျတွေ ထည့်မရေးရ။ (ဥပမာ - ဒါမှန်လား (သို့) စာဖတ်သူတို့ တွေးကြည့်ပါ) 
  • စာကြောင်း (၃/၄) ကြောင်းလောက်ရေးပြီး အပိုဒ်တိုစိလေးတွေ မခွဲရ။
  • သူတစ်ပါး စာစီစာကုံးကို ပုံတူကူးယူခြင်း လုံး၀ မပြုရ။

ဆောင်ရန်အချက်များ

  • စာစီစာကုံးက ခေါင်းစဉ်နဲ့ ကိုက်ညီရပါမယ်။
  • ပေးထားတဲ့ ပုံကြမ်းအချက်တွေနဲ့ ကိုက်ညီရပါမယ်။
  • စာလုံးပေါင်း၊ သတ်ပုံ မှန်ကန်ရပါမယ်။
  • ဝါကျဖွဲ့ထုံး မှန်ကန်ရပါမယ်။
  • အနည်းဆုံး စာမျက်နှာ (၅) မျက်နှာ ရေးရပါမယ်။

စာစီစာကုံးကောင်းတစ်ပုဒ်မှာ - 

  • အကြောင်းအရာကောင်းမွန်မှု
  • နိဒါန်းကောင်းမွန်မှု
  • ဦးတည်ချက်ပေါ်လွင်မှု
  • စုစည်းညီညွတ်မှု
  • ပြည့်စုံမှု
  • အရေးအသားမှန်ကန်ရှင်းလင်းမှု
  • အစီအစဉ်တကျ တင်ပြနိုင်မှု
  • စာပိုဒ်ဖွဲ့ပုံမှန်ကန်မှု
  • နိဂုံးကောင်းမွန်မှုတို့ လိုအပ်ပါတယ်။

စာစီစာကုံးရေးသားတဲ့အခါမှာ အချက်အလက် စုဆောင်းခြင်း၊ အချက်အလက် စီစဉ်ခြင်း၊ စာကြမ်းရေးသားခြင်း၊ စာချောပြန်ရေးခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်ပြီး စာစီစာကုံးတစ်ပုဒ်ကို လက်တွေ့ရေးသားနိုင်အောင် လေ့ကျင့်လို့ ရပါတယ်။ 

မှတ်ချက်။  ။ ဆိုရှယ်မီဒီယာမှာ တွေ့ရတဲ့ စာစီစာကုံးရေးသားနည်းအမျိုးမျိုးကို ပြန်လည်စုစည်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Secondary Read 549 times