ကျောင်းပျက်များတဲ့ ပြသနာကို ကျောင်းအနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ?

သင်က ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်ထားတယ်ဆိုရင် ကိုယ့်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ ပညာရေးအခြေအနေကို သိထားရုံတင်မဟုတ်ဘဲ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကလေးတစ်ယောက် ကျောင်းမသွားချင်ဘူးပြောရင် လူကြီးတွေက ဒီကလေးက စာမလုပ်ချင်လို့၊ ပျင်းလို့ဆိုပြီးတော့ သတ်မှတ်ပြီး ဂရုမစိုက်ကြပါဘူး။ တကယ်တော့ ကျောင်းသားတစ်ယောက် ကျောင်းမတက်ချင်ဘူးလို့ ပြောတဲ့စကားနောက်မှာ စိတ်ပိုင်း (သို့) လူမှုရေးပိုင်း (သို့) ပညာရေးပိုင်းမှာ အခက်အခဲတစ်ခုခု ကြုံနေရလို့လည်း ဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် ကျောင်း မကြာခဏ ပျက်တဲ့ ကျောင်းသားတွေ၊ ကျောင်းထွက်မယ်လို့ ပြောလာတဲ့ ကျောင်းသားတွေအပေါ်မှာ ကျောင်းအနေနဲ့ ဘယ်လို ပံ့ပိုးကူညီပေးရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ အကြောင်းပြချက်မေးပါ။

ကျောင်းပျက်ရက်များတဲ့ ကျောင်းသားတွေကို အပြစ်ပေးမယ့်အစား သူတို့ ကျောင်းပျက်ရတဲ့ အကြောင်းပြချက်ကို အရင် ရှာပါ။ ဒီခေတ်မှာဆိုရင် ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တဲ့ ကိစ္စတွေက ပိုများလာတဲ့အတွက် ပိုဂရုစိုက်ရပါမယ်။

ရွယ်တူအချင်းချင်း အနိုင်ကျင့်ခံနေရတာလား၊ ဆရာ/ဆရာမက စည်းကပ်တင်းကြပ်လွန်းလို့ ကြောက်နေတာလား၊ စာတွေလုပ်ရတာ အခက်အခဲရှိနေတာလား၊ မိသားစုပြသနာလား၊ ပြောင်းလဲမှုတွေကို အသားမကျတာလား စတဲ့ ကျောင်းမတက်ချင်ရတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို သီးသန့်ခေါ်တွေ့ပြီး သူတို့ရဲ့ အခက်အခဲကို သေချာ မေးမြန်း ဆွေးနွေးပါ။

၂။ တိုင်ပင်လုပ်ဆောင်ပါ။

အကြောင်းပြချက် သိရပြီဆိုရင် ကျောင်းသားရဲ့ မိဘ၊ အတန်းပိုင် ဆရာ/ဆရာမတွေကို ခေါ်တွေ့ပြီး ကလေးအတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြရပါမယ်။ ဥပမာ - ကျောင်းကို လုံး၀ မလာချင်ဘူးဖြစ်နေတဲ့ ကလေးကို အတင်းအကျပ် ခေါ်မယ့်အစား အချိန်ပိုင်းလောက်ပဲ တက်ခိုင်းပြီး တဖြည်းဖြည်းချင်းမှ ကျောင်းတက်ချိန်ကို တိုးပေးတာမျိုး၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခံနေရတာဆိုရင်လည်း ကလေးအတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့ ရပ်ဝန်းလေး ဖန်တီးပေးတာမျိုး စတာတွေ လုပ်ဆာင်ရပါမယ်။ 

၃။ စည်းကမ်းသတ်မှတ်ပါ။

သင့်ကျောင်းမှာ အနိုင်ကျင့်မှု ဆန့်ကျင်တဲ့ မူဝါဒကို တာဝန်ယူမှုအပြည့်နဲ့ သေချာ ချမှတ်ထားပါ။ ကျောင်းသားတွေကိုလည်း အနိုင်ကျင့်တဲ့သူ မဖြစ်အောင်ရော အနိုင်ကျင့်ခံရသူ မဖြစ်အောင်ပါ အိမ်က မိဘရော၊ အတန်းထဲက ဆရာကပါ သင်ကြားပေးဖို့ လိုအပ်ကြောင်း သတိပေးပါ။ စာသင်ခန်းထဲမှာ ကျောင်းသားတွေ မပျော်ဘူးဆိုရင် ဆရာတွေကို စာသင်နည်း ပြောင်းခိုင်းပါ။ အိမ်စာတွေ လျှော့ပေးခိုင်းပါ။ စာသင်ခန်း စီမံခန့်ခွဲမှုက တိကျခိုင်မာဖို့ လိုအပ်တယ်ဆိုပေမဲ့ Flexible နဲ့ Friendly ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ 

၄။ ဆရာ/ဆရာမတွေကို သင်တန်းပေးပါ

အကြောက်တရားကို အခြေခံတဲ့ နည်းလမ်းတွေထက် အပြုသဘောဆောင်တဲ့ ချဉ်းကပ်နည်းကို အသုံးပြုဖို့  သင်တန်းပေးပါ။ စိတ်ခံစားမှုဆိုင်ရာ ဝေဒနာတွေကို သိရှိနားလည်ဖို့၊ ကျောင်းသားက ကျောင်းတက်ဖို့ ငြင်းတဲ့အခါ အေးဆေး တုံ့ပြန်တတ်ဖို့၊ တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ ကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့၊ ကျောင်းသားတွေရဲ့ အမှားကို လူသိရှင်ကြား အရှက်ခွဲပြီး အပြစ်ပေးတာမျိုး မလုပ်မိစေဖို့ လေ့ကျင့်ပေးရပါမယ်။ ဒါ့အပြင် ကလေးတွေ အတန်းထဲမှာ ပျော်ရွှင်ပြီး ပါဝင်စေဖို့ သင်ကြားရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေလည်း ပေးရပါမယ်။

၅။ ကျောင်းတွင်းလှုပ်ရှားမှုလေးတွေ ဖန်တီးပါ။

ကျောင်းသားတွေအတွက် ကျောင်းတက်ဖို့ အကြောင်းပြချက်က စာလုပ်ဖို့ တစ်ခုတည်းပဲ ဖြစ်နေတယ်ဆိုရင် ကျောင်းတက်ဖို့ ပျင်းနေဦးမှာပါ။ ဒါကြောင့် ကျောင်းမှာ အားကစားကလပ်တွေ၊ အနုပညာကလပ်တွေ စတဲ့ ကျောင်းသားတွေ စိတ်ဝင်စားမှုကို အခြေခံထားတဲ့ ပရိုဂရမ်တွေ လုပ်ဆောင်ခွင့်ပြုပါ။ ကျောင်းသားတွေအနေနဲ့လည်း ကျောင်းတက်ရင်း သူတို့ စိတ်ပျော်ရာကို လုပ်နေရတဲ့အတွက် ကျောင်းသွားဖို့ မိုတီတစ်ခုလည်း ရစေပါတယ်။ သက်ဆိုင်ရာ ကလပ်အလိုက်လည်း ပြိုင်ပွဲလေးတွေ ကျင်းပပြီး သူတို့ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ မမေ့ပါနဲ့။ 

၆။  အစည်းအဝေးလုပ်ပါ။

သင့်ကျောင်းက သုခချမ်းသာနဲ့ ပညာရေးအရည်အသွေး ကောင်းမွန်မှုကို တန်းတူ တန်ဖိုးထားကြောင်း ပြသပါ။ ကျောင်းရဲ့ မူဝါဒတွေကို မိဘတွေ၊ ကျောင်းဝန်ထမ်းတွေနဲ့ အစည်းအဝေးလုပ်ပြီး မျှဝေပါ။ သင့်ကျောင်းရဲ့ အနိုင်ကျင့်မှု ဆန့်ကျင်ရေး မူဝါဒတွေကို ပွင့်လင်းမြင်သာအောင် ချပြပါ။ ကလေးက ကျောင်းခဏခဏ ပျက်တဲ့အခါ မိဘတွေနဲ့ အစည်းအဝေး လုပ်ပါ။ အိမ်မှာ ကလေးကို ဘယ်လို ထောက်ပံ့ပေးရမလဲဆိုတာ အကြံပေးပါ။ ကျောင်းမှာလည်း ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနေကြောင်း ကျောင်းသားတွေရော မိဘတွေပါ သိရှိ ယုံကြည်ပါစေ။

ကျောင်းပျက်ရက် များတာက ကျောင်းသားတစ်ယောက်ရဲ့ အမူအကျင့်ဆိုးတစ်ခုထက်ပိုပြီး နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တက်ကြွတဲ့ ခေါင်းဆောင်မှုတို့ကို လိုအပ်တဲ့ အရေးကြီး ပြသနာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းမှာ တာဝန်ရှိသူတွေက အပေါ်က နည်းလမ်းတွေ သုံးပြီး ကျောင်းသားတွေရဲ့ ကျောင်းပျက်များတဲ့ ပြသနာကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။ 

High Kindergarten Pre-school Primary Secondary Read 35 times