၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၃) ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာထားသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်မှ မတ်လ (၁၇) ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်မှ (၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ တနင်္လာနေ့မှ စတင်၍ ထုတ်ယူကြရပါမည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူရာတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့၏ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာ၌ အခက်အခဲတစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
==============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။