မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ 

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)မှာ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ပြိုင်ပွဲကိုတော့ အာကာသသိပ္ပံနဲ့ နည်းပညာတွေကို စိတ်ဝင်စားတဲ့ အခြေခံပညာ မူလတန်းမှ အထက်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အမြင့်ဆုံး ဆုကြေးငွေ (၁၀) သိန်းအထိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ယခုပြိုင်ပွဲမှာဆိုရင် မူလတန်းအဆင့်အတွက် "အာကာသသူရဲကောင်း"၊ အလယ်တန်းအဆင့်အတွက် "စူးစမ်းလေ့လာ အာကာသကမ္ဘာ"နဲ့ အထက်တန်းအဆင့်အတွက် "အနာဂတ် အာကာသနည်းပညာ" စတဲ့ ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ 

ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမယ့်အပြင် ပါဝင်ယှဉ်ပြိုင်သူ အားလုံးကိုလည်း Certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

မူလတန်းအဆင့်အတွက် ပထမဆု  ကျပ် (၅) သိန်း၊  ဒုတိယဆု ကျပ် (၄) သိန်း၊ တတိယဆု  ကျပ် (၃) သိန်း၊ အထူးဆု (၁၀) ဆုအတွက် တစ်ဆုလျှင် ကျပ် (၂) သိန်းစီ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

အလယ်တန်းအဆင့်အတွက် ပထမဆု ကျပ် (၇) သိန်း၊  ဒုတိယဆု ကျပ် (၆) သိန်း၊ တတိယဆု ကျပ် (၅) သိန်း အထူးဆု (၁၀) ဆုအတွက် တစ်ဆုလျှင် ကျပ် (၃) သိန်းစီ ပေးအပ်မှာ ဖြစ်ပါတယ်။

အထက်တန်းအဆင့်အတွက် ပထမဆု ကျပ် (၁၀) သိန်း၊  ဒုတိယဆု ကျပ် (၉) သိန်း၊ တတိယဆု ကျပ် (၈) သိန်း အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ် (၅) သိန်းစီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ အထက်တန်းအဆင့်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ မူလတန်းအဆင့်နဲ့ မတ်လ (၁) ရက်နေ့မှာ အလယ်တန်းအဆင့်တို့မှ ကျောင်းသား/သူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ (၄) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကျောင်းသား/သူတွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ ကျောင်းတွေကနေတဆင့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။

ကိုးကား - အာကာသပြတိုက်(ရန်ကုန်)

High Latest Post Local News Primary Secondary Read 204 times