Sales Hotline : 09448001653       Download App



GTI ပညာရေး (၁၂၅)နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

GTI ပညာရေး (၁၂၅)နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း နှင့် TVET ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ TVET Stakeholders များ၊ အစိုးရ နည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှု သိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ကာတွန်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြ သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို ဖြင့် ဂုဏ်ပြုဝမ်းမြောက် အမှာစကားပြောကြား သည်။  (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက်အမှာစကားကို စာမျက်နှာ (၃) တွင် ဖော်ပြထားပါသည်။) ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝမ်းမြောက် စကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်တွင် အင်းစိန် GTI ကို ပညာရေးဝန်ကြီးဌာနက ပြန်လည်လွှဲပြောင်းယူခဲ့ပြီး နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာသင်တန်းများ၊ သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှစတင်၍ AGTI (၃)နှစ် ဒီပလိုမာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် AGTI (၃)နှစ် ဒီပလိုမာ သင်တန်း ခြောက်မျိုးကို ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် အဆင့်မြင့်ပညာရေးသို့ ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေး လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် AGTI (၃)နှစ် ဒီပလိုမာသင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာလက်ရှိအချိန်တွင် အစိုးရနည်းပညာကောလိပ် သုံးကျောင်းနှင့် အစိုးရစက်မှု လက်မှုသိပ္ပံ ၂၅ ကျောင်း စုစုပေါင်း ၂၈ ကျောင်း၌ AGTI (၃)နှစ် ဒီပလိုမာသင်တန်း များကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် သက်မွေးပညာကို လေ့လာသင်ယူလိုသူများနှင့် မိသားစုစီးပွားရေး အခက်အခဲကြောင့် သင်ယူမှုအခွင့်အလမ်း နည်းပါးနေသော လူငယ်လူရွယ်များကို အလုပ်ချိန်နားချိန်များတွင် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးများ သင်ယူခွင့်ရရှိစေရန်နှင့် ဘဝတစ်သက်တာ သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ညနေပိုင်း AGTI (၃)နှစ် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများ ကို ကျောင်းအစီအစဉ်ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍လည်းကောင်း ဖွင့်လှစ်ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများအတွက် အထောက်အကူပြုနိုင်စေရန် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဆွစ်ဇာလန်နိုင်ငံ Swisscontact နှင့် ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့နှင့် ပူးပေါင်းပြီး အင်းစိန် GTI တွင် ဖွင့်လှစ်ထားသော သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ စားဖိုဆောင် (Professional Training Kitchen) ၌ စားဖို ဆောင် သက်မွေးပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လုပ်ငန်းခွင်နှင့် သက်မွေးပညာသင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု (Dual Apprenticeship) ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အင်းစိန် GTI တွင် ပြည်တွင်းအဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ Myanmar AGTI Society နှင့် ပြည်ပအဖွဲ့အစည်းများဖြစ်သည့် ဂျာမနီနိုင်ငံ GIZ ၊ KfW တို့နှင့် ပူးပေါင်း ပြီး စီမံခန့်ခွဲမှုနှင့် သင်ကြားသင်ယူမှုများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု ဆိုင်ရာသင်တန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ကုလသမဂ္ဂဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာရေးစင်တာ (UNEVOC) ၏ အထောက်အပံ့ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အင်းစိန် GTI တွင် မြန်မာယူနီဗော့စင်တာကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါကြောင်း၊ ဒေသတွင်း TVET ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ TVET ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲ များကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
 
ထို့ပြင် အင်းစိန် GTI ၌ ၂၀၁၈ ခုနှစ်မှစတင်၍ World Youth Skills Day အထိမ်းအမှတ်အဖြစ် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ လူငယ်တစ်ဦးချင်းစီ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ အသင်းအဖွဲ့နှင့် ဆောင်ရွက် ရသည့် Team Work များ ပိုမိုအားကောင်းလာစေရန်၊ သတင်းအချက်အလက် နည်းပညာနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ပိုမိုအားကောင်းလာစေရန်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ၏ တီထွင်ဖန်တီးဆောင်ရွက်နိုင်မှု စွမ်းရည်များ ပိုမို တိုးတက်လာစေရန်ရည်ရွယ်၍ Skills Competition and Innovation Award ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းကျောင်း များမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း။

အင်းစိန် GTI တွင် ဒေသတွင်းနှင့် စက်ရုံ၊ အလုပ်ရုံများ၏လိုအပ်ချက် (Local and Industrial Needs) ကို ဖြည့်ဆည်းပေးနိုင်မည့် ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်ပြီး ဒေသတွင်း စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ (Supervisory / Technician Level) ကို မွေးထုတ်ခြင်း၊ သင်တန်းပြီးဆုံးသူများကို ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲလျက်ရှိပြီး နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မဟာ ဗျူဟာများနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ Stakeholders များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေး ဆိုင်ရာ သင်ကြား၊ သင်ယူလေ့ကျင့်နိုင်သော အခွင့်အလမ်းများ တိုးချဲ့ရေး၊ စီမံ ခန့်ခွဲသူများနှင့် ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်း များ အဆင့်မြှင့်တင်ရေး၊ အရည်အသွေး အာမခံမှုဆိုင်ရာ မြှင့်တင်ရေး၊ စစ်ဆေး အကဲဖြတ်မှုစနစ်များ ပိုမိုအားကောင်းအောင်ဆောင်ရွက်ရေး၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်စေ ရေး၊ ကျောင်းနှင့် စက်ရုံအလုပ်ရုံ ပူးပေါင်းဆောင်ရွက်ရေး စသည့် လုပ်ငန်း အစီအစဉ်များကို ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ကျွမ်းကျင် သူများ၊ ပညာရှင်များ ပြုစုပျိုးထောင်လေ့ကျင့်ပေးရန် အလွန်အရေးကြီးပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသော GTI များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTI များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးတည်ချက် (၅)ရပ်ချမှတ်ခဲ့ပြီး ဦးတည်ချက်များနှင့် အညီ လူငယ်တိုင်း သက်မွေးပညာရပ်များကို သင်ယူနိုင်သည့် အခွင့်အလမ်းများ၊ အဆင်မြင့်ပညာရေးသို့ ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများနှင့် ဘဝတစ်သက်တာ သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရေး၊ ဒေသတွင်း စက်မှုလုပ်ငန်းများ၏ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင် သူများ၊ ပညာရှင်များ မွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေနိုင်ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများမှာ စုပေါင်း လုပ်ဆောင်နေသူများ၏ Reskilling, Upskilling, Continuous Professional Development အခွင့်အလမ်းများကို တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့် အလမ်းများအဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

 နှစ်ပေါင်း (၁၂၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော အင်းစိန် GTI ၏ အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်း၍ ပြည်ထောင်စု၏ ဂုဏ်ဆောင်သော အင်းစိန် GTI အဖြစ် ဆက်လက်အောင်မြင်ရေးအတွက် သက်မွေးကဏ္ဍနှင့် ပတ်သက်ပြီး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျောင်းနှင့် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အားလုံးစုပေါင်းအင်အားနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝမ်းမြောက်စကားပြောကြားရာတွင် ပညာရေးစနစ်တွင် အစိုးရ၏ အသက်မွေး ဝမ်းကျောင်း ပညာရေးစနစ်သည် များစွာအရေးကြီးပါကြောင်း၊ ယင်းတို့ထဲတွင် GTI ပညာရေးသည် အရေးကြီးသော ပညာရေးစနစ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ယူသည့် အချိန်ကာလတွင် အသက် မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ကြိုးစားခဲ့ ပါကြောင်း၊ စက်မှုလက်မှုသိပ္ပံများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်း တော်တော်များများကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့အတူ အင်းစိန် GTI ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးစားခဲ့ပါကြောင်း၊ အင်းစိန် GTI ကျောင်းသည် မြန်မာနိုင်ငံ GTI ပညာရေးစနစ်၏ အဓိကမှတ်တိုင်တစ်ရပ် ဖြစ်ပါကြောင်း၊ အင်းစိန် GTI ကျောင်းထွက် ကျောင်းသားတော်တော်များများသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာဆိုင်ရာ နယ်ပယ်အသီးသီးတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်နေကြပါကြောင်း။
 
ထို့ကြောင့် GTI ပညာရေးသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေး ကြီးသော ကဏ္ဍတစ်ခုတွင်ရှိနေပြီး နိုင်ငံ၏ လိုအပ်သော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးရန် မိမိအနေဖြင့် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခု ကျရောက်သည့် GTI ပညာရေး၏ (၁၂၅) နှစ်ပြည့်မှသည် နိုင်ငံ၏ အသက် မွေးဝမ်းကျောင်းပညာရပ်တွင် GTI ကဲ့သို့ ကျောင်းများ များစွာပေါ်ထွန်းလာပြီး ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် နယ်ပယ်များတွင် ဆက်လက် ရှင်သန် ရပ်တည်နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် GTI ပညာရေး (၁၂၅) နှစ်ခရီးဆိုင်ရာ ပြောင်းလဲတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။ ဆက်လက်၍ GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ကာတွန်း၊ ကဗျာ၊ ဝတ္ထုတို နှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသူများကို Virtual Studio မှတစ်ဆင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများအသင်းဥက္ကဋ္ဌ ဦးငြိမ်းအောင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံ၏ GTI ပညာရေးစတင်ခဲ့သော အင်းစိန် GTI သည် ၁၈၉၅ ခုနှစ် ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့ လသာမြို့နယ် မြို့မကျောင်းလမ်း အမှတ်(၂၉၇) ၌ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံ၏ စက်မှုလက်မှုသိပ္ပံကျောင်း ၁၂ ကျောင်းအနက် အစောဆုံးပေါ်ပေါက်လာခဲ့သည့် စက်မှုလက်မှုသိပ္ပံများ၏ ကနဦးအစဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် (၁၂၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

ယနေ့ကျင်းပသည့် GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အစိုးရ၏ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အများပြည်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆက်စပ်ဆောင်ရွက်နေသူများ က ပိုမိုပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Source: The Mirror Daily

Latest Post News Read 473 times