GED ပြီးရင် ရွေးချယ်နိုင်မယ့် အဆင့်မြင့်ပညာရေးလမ်းကြောင်းများ

GED ဆိုတာက အချိန်တိုတိုအတွင်းမှာ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ် ရလိုသူတွေ ဖြေဆိုမှုများတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။ GED ကို အောင်မြင်ပြီးထားသူတွေအနေနဲ့ ဘာဆက်တက်ရမလဲ၊ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ကို ရွေးချယ်နိုင်လဲ၊ ဘယ်လောက်အမှတ်ရရင် ပညာသင်ဆုရနိုင်မလဲ စတာတွေကို ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ သိရအောင် မျှဝေပေးလိုက်ပါတယ်။ 

GED အကြောင်း သေသေချာချာမသိသေးတဲ့သူတွေကတော့ အောက်မှာ အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီနေ့မှာ GED အကြောင်းထက် GED ပြီးရင် ဘယ်လို ပညာရေးလမ်းကြောင်းတွေရှိလဲဆိုတာကိုပဲ ဦးတည်ပြောသွားမှာ ဖြစ်ပါတယ်။

https://www.edge.com.mm/article/ged-course.html

နိုင်ငံနှင့် တက္ကသိုလ် ရွေးချယ်မှုများ

ထိုင်းနိုင်ငံ

မြန်မာကျောင်းသားတွေအတွက် အနီးစပ်ဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ GED ကို နာမည်ကြီးတက္ကသိုလ်တွေကအစ လက်ခံတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ Chulalongkorn University၊ Thammasat University၊ Mahidol University၊ Assumption University (AU)၊ Stamford International University တို့မှာ GED ကို အထက်တန်းအောင်လက်မှတ်တစ်ခုအနေနဲ့ အသုံးပြုပြီး ကျောင်းဝင်ခွင့် လျှောက်ထားလို့ရပါတယ်။ ဒီနေရာမှာ ပုံသေသတ်မှတ်လို့မရတာက တချို့ထိုင်းတက္ကသိုလ်တွေက GED လက်မှတ်အပြင် တခြား SAT/ACT/AP ရမှတ်တွေကိုပါ ပူးတွဲ တောင်းခံလေ့ရှိပါတယ်။ 

အမေရိကန်နှင့် ကနေဒါ

အမေရိကန်က ကောလိပ်နဲ့ တက္ကသိုလ်တော်တော်များများကတော့ GED ကို လက်ခံပါတယ်။ Community College မှာ ၂ နှစ် အရင်တက်ပြီး Associate Degree ယူ၊ ပြီးရင် တက္ကသိုလ်တတိယနှစ်ကို Transfer လုပ်ပြီး ပြန်တက်လို့ရပါတယ်။ တက္ကသိုလ်ကို တန်းလျှောက်မယ်ဆိုရင် တချို့တက္ကသိုလ်တွေက ပထမနှစ်ကို တိုက်ရိုက်ဝင်ခွင့်မပေးဘဲ Foundation Year ကို အရင် တက်ရတာမျိုး ရှိပါတယ်။ ကနေဒါက တက္ကသိုလ်အချို့ကလည်း GED ကို လက်ခံကြပါတယ်။ ဒါပေမဲ့ GED အပြင် ပရိုဂရမ်အလိုက် လိုအပ်တဲ့ တခြား IELTS (သို့) SAT (သို့) AP တို့လို Additional Qualification တွေ ရှိဖို့လည်း လိုအပ်ပါတယ်။ လက်ရှိအခြေအနေအရ ဗီဇာကိစ္စကြောင့် မြန်မာကျောင်းသားတွေအနေနဲ့ အမေရိကန်မှာ ကျောင်းတက်ဖို့တော့ အဆင်မပြေနိုင်သေးပါဘူး။

ဂျပန်၊ စင်္ကာပူ၊ မလေးရှား

အဆင့်မြင့်ပညာရေးနဲ့ လုပ်ငန်းခွင်အခွင့်အလမ်း ကောင်းမွန်ပြီး မြန်မာကျောင်းသားတွေနဲ့လည်း မစိမ်းတဲ့ အာရှနိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့ များသောအားဖြင့် GED ကို လက်ခံတာ အစိုးရတက္ကသိုလ်တွေထက် ပုဂ္ဂလိကတက္ကသိုလ်တွေက ပိုများပါတယ်။ ဂျပန်မှာဆိုရင် Ritsumeikan Asia Pacific University၊ Waseda University၊ Tokyo International University (TIU)၊ မလေးရှားမှာဆိုရင် Taylor's University, Sunway University, Monash University Malaysia စတဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေမှာ Foundation Program (သို့မဟုတ်) တချို့ဘာသာရပ်တွေအတွက် တိုက်ရိုက် Degree တက်ရောက်နိုင်ပါတယ်။ စင်္ကာပူမှာတော့ Nanyang Technological University (NTU) နဲ့ National University of Singapore (NUS) တို့လို ထိပ်တန်းအစိုးရတက္ကသိုလ်တွေက GED ကို တိုက်ရိုက်လက်မခံပေမဲ့ တခြား A-Level (သို့) AP အမှတ်တွေကောင်းရင် လက်ခံစဉ်းစားပေးပါတယ်။

အကြံပြုချက်

ငွေကြေးအခက်အခဲကြောင့် GED တစ်ခုတည်း ဖြေထားပြီး နိုင်ငံတကာတက္ကသိုလ် လျှောက်ထားမယ်ဆိုရင် မရတာတော့မဟုတ်ပေမဲ့ မိမိအတွက် ရွေးချယ်စရာ အလွန်နည်းပါလိမ့်မယ်။ ဘာလို့လဲဆိုရင် အပေါ်မှာ ပြောခဲ့သလိုပဲ တချို့တက္ကသိုလ်တွေက GED ကို High level မေဂျာတွေအတွက် ခိုင်မာတဲ့ အထက်တန်းအောင်လက်မှတ်တစ်ခုလို့ မယူဆထားလို့ပါ။

ဒါကြောင့် တက္ကသိုလ်တွေအများကြီးကို စိတ်ကြိုက်ရွေးချယ်ချင်ပြီး ငွေကြေးလည်း တတ်နိုင်တယ်ဆိုရင် GED အပြင် IELTS/TOEFL နဲ့ တက္ကသိုလ်အကြိုဘာသာရပ် (AP) စာမေးပွဲတွေကို (၄) ဘာသာကနေ (၆) ဘာသာလောက်အထိ ဖြေဆိုထားမယ်ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်တွေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ ဒီလိုဆို GED လက်မှတ်နဲ့ ဥရောပနိုင်ငံတွေထိလည်း ခြေဆန့်လို့ ရပါပြီ။ 

GED ရမှတ်နှင့် ပညာသင်ဆု

ကျောင်းဝင်ခွင့်အတွက်ကတော့ GED အမှတ် (၁၄၅) ကျော်ရင် စတင် လျှောက်ထားလို့ရပါပြီ။ ဒါပေမယ့် ပြိုင်ဆိုင်မှုမြင့်တဲ့ တက္ကသိုလ်တွေမှာတော့ GED အမှတ် (၁၆၅) ကျော်မှ ဝင်ခွင့် ပိုရနိုင်ချေရှိပါတယ်။ ပညာသင်ဆုအတွက်တော့ ပေးအပ်တဲ့ အဖွဲ့အစည်းနဲ့ တက္ကသိုလ်အလိုက် အမှတ်သတ်မှတ်ချက်တွေ မတူပါဘူး။

များသောအားဖြင့် GED အမှတ် (၁၇၅) ကျော်ရင်တော့ ပညာသင်ဆု လျှောက်နိုင်ပါတယ်။ ပညာသင်ဆုရွေးချယ်ရာမှာ GED Score တစ်ခုတည်း မကြည့်ပါဘူး။ တခြား အရည်အချင်းတွေအနေနဲ့ ဘာသာစကားစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ကျောင်းပြင်းပလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ထားတဲ့ Record တွေရှိထားမှ ပညာသင်ဆုအခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်မှာပါ။

=========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post University / College Read 17 times