ဆရာတစ်ယောက်ဆိုတာ အတန်းထဲမှာ ကျောင်းသားတွေကို စာသင်ကြားပေးရတာထက် ပိုတဲ့တာဝန်ကို ယူထားရတဲ့သူတွေပါ။ ဆရာတွေဟာ စာသင်ခန်းရဲ့ မန်နေဂျာတစ်ဦးပါပဲ။ အမှန်တော့ ထိရောက်တဲ့ သင်ကြားမှုနှင့် သင်ယူမှုဆိုတာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စာသင်ခန်းထဲမှာ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။
စာသင်ခန်းစီမံခန့်ခွဲမှုက ကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးရာတွင် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ကျောင်းသားတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ကိုင်တွယ်ရတာ ဆရာ၊ ဆရာမတွေအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုပါ။
ဒါကြောင့် စာသင်ခန်းကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ သုံးရမယ့် နည်းဗျူဟာ (၁၀) ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ စံပြပုဂ္ဂိုလ်အဖြစ်နေပါ။
ကျောင်းသားတွေဟာ အိမ်မှာနေရတဲ့အချိန်ထက် ကျောင်းမှာနေပြီး ဆရာမတွေနဲ့သာ ထိတွေ့ဆက်ဆံချိန် များပါတယ်။ ဒါကြောင့် ကျောင်းသားတွေနဲ့ အနီးကပ်ရှိနေချိန်မှာ သူတို့တွေ အတုယူမမှားအောင် ကိုယ်က စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြုမှုနေထိုင်ပါ။
- ယဉ်ကျေးသော စကားကို သုံးပါ။
- ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားပါ။
- ကျောင်းသားတစ်ယောက်က ကိုယ့်ကို စကားပြောနေရင် ဖြတ်မပြောပါနှင့်။
- တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆက်ဆံပါ။
ဒါတွေဟာ ကလေးတွေ ကြီးလာတဲ့အထိ အတုယူသွားရမယ့် ကောင်းမွန်တဲ့ အပြုအမူပုံစံတွေကို ဥပမာပြထားတာပါ။
၂။ ရှင်းလင်းသော မျှော်မှန်းချက်များကို ချမှတ်ပါ။
စာသင်နှစ်အစမှစပြီး ကိုယ်လိုချင်တဲ့ စည်းကမ်းနဲ့ မျှော်မှန်းချက်တွေကို သတ်မှတ်ပါ။ ကျောင်းသားတွေ လိုက်နာရယ့် စည်းကမ်းတွေ၊ အပြုအမူတွေနဲ့ မလိုက်နာရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို နားလည်အောင် ပြောပြထားပါ။
စည်းကမ်းချက် ချမှတ်တဲ့အခါ ကျောင်းသားအားလုံးအတွက် တသမတ်တည်းနှင့် တရားမျှတသင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့ စဉ်ဆက်မပြတ် သတိပေးချက်တွေ ရရှိဖို့ စာသင်ခန်း စည်းမျဉ်းတွေကို ပိုစတာတွေ သုံးပြီး မြင်သာမယ့် နံရံတွင် ကပ်ထားပါ။
၃။ ကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပါ။
အပြန်အလှန်လေးစားမှုနဲ့ ကျောင်းသားတိုင်း ပါဝင်နိုင်တဲ့ စာသင်ခန်း ယဉ်ကျေးမှုကို မွေးမြူပါ။ ကျောင်းသားတွေကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို အားပေးပြီး ကြင်နာတတ်စေရန်၊ အချင်းချင်း ကုညီတတ်စေရန် သင်ကြားဆုံးမပါ။
ဥပမာ - အကျင့်စာရိတ္တ ကောင်းမွန်သူကို ချီးကျူးစကားပြောခြင်း၊ ဆုပေးခြင်းတို့ ပြုလုပ်ပါ။ ဒါမှ စာသင်ခန်းအတွင်း ကျောင်းသားနှင့် ဆရာဆက်ဆံရေး၊ ကျောင်းသားအချင်းချင်း ဆက်ဆံရေး ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
၄။ တက်ကြွတဲ့ သင်ကြားရေး နည်းဗျူဟာတွေကို သုံးပါ။
ကျောင်းသားတွေအတွက် စာသင်ခန်းအတွင်း အာရုံပျံ့လွင့်မှုကို နည်းပါးစေဖို့ ပူးပေါင်းလုပ်ဆောင်ရတဲ့ သင်ခန်းစာတွေ များများ ဖန်တီးပေးသင့်ပါတယ်။ အဖွဲ့လေးတွေ ဖွဲ့ပေးပြီး ဉာဏ်စမ်းပဟေဠိမေးခွန်းလေးတွေ မေးမြန်းတာ၊ အကြောင်းအရာတစ်ခုအပေါ်မှာ ဝင်ရောက်ဆွေးနွေးခိုင်းတာ၊ Presentation လုပ်ခိုင်းတာ၊ Conversation တွေ အပြန်အလှန်ပြောခိုင်းတာ စသဖြင့် ပညာရေးဆိုင်ရာ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ပေါင်းစပ်ထည့်သွင်းသင်ကြားပေးပါ။
၅။ ကွဲပြားတဲ့ ညွှန်ကြားချက်တွေ ပေးဆောင်ပါ။
အထူးသဖြင့် နိုင်ငံတကာ ကျောင်းတွေမှာ တက်ကြတဲ့ ကျောင်းသားတွေဟာ မတူညီတဲ့ နောက်ခံမှ လာကြတာဖြစ်လို့ မတူညီတဲ့ ကျွမ်းကျင်မှု အဆင့်များ ရှိနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ မတူကွဲပြားတဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှုတို့နဲ့ ကိုက်ညီစေရန် သင်ကြားရေး နည်းလမ်းတွေကို လိုက်လျော်ညီထွေဖြစ်အောင် စီမံနိုင်ရပါမယ်။
ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက်က စာလေ့လာမှတ်သားပုံခြင်း မတူနိုင်တဲ့အတွက် သူတို့ရဲ့ ကွဲပြားခြားနားတဲ့ သင်ယူမှုပုံစံတွေအလိုက် သင်ကြားရေးနည်းလမ်းတွေကို ပေးဆောင်သင့်ပါတယ်။
၆။ ဖြစ်လာမယ့် ပြသနာကို ကြိုတင်ကာကွယ်ပါ။
ကျောင်းသားတွေကို အနီးကပ် စောင့်ကြည့်ပြီး ပြဿနာ မကြီးထွားမီ ကြားဝင်ညှိနှိုင်းပေးခြင်းဖြင့် ဖြစ်လာနိုင်ချေရှိတဲ့ အနှောင့်အယှက်တွေကို ကြိုတင်ကာကွယ်ပါ။ အသေးအမွှား ပြဿနာတွေ ကြီးကြီးမားမား မဖြစ်လာမီ အေးအေးဆေးဆေး ငြိမ်သက်စွာ ကိုင်တွယ်ဖြေရှင်းပါ။ ကျောင်းသားအချင်းအချင်း ခိုက်ရန်ဖြစ်ပွားရင် မိဘတွေပါ မကျေနပ်စရာ ဖြစ်လာနိုင်ပြီး စာသင်ကြားရေးမှာလည်း စိတ်အနှာင့်အယှက် ဖြစ်စေပါတယ်။
၇။ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုကို သတိထားပါ။
စာသင်ခန်းတစ်ခန်းထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံပေါင်းစုံက ကျောင်းသားတွေ အတူတကွ စာသင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုတွေကို လေးစားလိုက်နာနိုင်ဖို့ အရေးကြီးပါတယ်။ ဆရာတစ်ယောက်အနေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေနဲ့ တန်ဖိုးတွေကို သိရှိနားလည်ခြင်းဟာ နားလည်မှု လွဲမှားခြင်းကို တားဆီးနိုင်ပြီး စာသင်ခန်းအတွင်း သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန် ကူညီပေးပါတယ်။
၈။ တစ်ခန်းလုံးကို အပြစ်ပေးခြင်းမှ ရှောင်ပါ။
အတန်းတစ်ခုလုံးကို အပြစ်ပေးမယ့်အစား စည်းကမ်းမလိုက်နာတဲ့ ကျောင်းသားတစ်ဦးချင်းစီကို ဖြေရှင်းပါ။ အကြောင်းကတော့ နောက်ပိုင်းမှာ တာဝန်သိတတ်တဲ့ ကျောင်းသားတွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။
စည်းကမ်းမလိုက်နာတဲ့ ကျောင်းသားကို ခေါ်တွေ့အခါမှာ ဆူပူတာကို လုပ်မယ့်အစား ကျောင်းသားဘက်က အခက်အခဲကို မေးမြန်းပါ။ ဥပမာအားဖြင့် "စာသင်နေတဲ့ အချိန်မှာ စကားမပြောနဲ့" ဆိုတဲ့ အမိန့်မျိုးထက် "စာသင်နေတာ နားမလည်လို့လား?" "စာမှာ အာရုံစိုက်နိုင်ဖို့ ဘာကူညီပေးရမလဲ?" ဆိုတဲ့ မေးခွန်းလေးတွေ မေးသင့်ပါတယ်။
၉။ စာသင်ခန်းကို ပြင်ဆင်ခြယ်သပါ။
စာသင်ခန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုသည် ကျောင်းသားတွေရဲ့ အပြုအမူအပေါ် လွှမ်းမိုးစေနိုင်ပါတယ်။ သက်တောင့်သက်သာဖြစ်စေမယ့် ထိုင်ခုံ၊ ခိုင်ခံ့တဲ့ စားပွဲ၊ မျက်စိပဒသဖြစ်စေတဲ့ အခန်းအရောင်၊ ပူးပေါင်းဆောင်ရွက်မှုကို အားပေးတဲ့ ထိုင်ခုံ နေရာချမှု၊ နံရံမှာ ချိတ်ဆွဲထားမယ့် ရုပ်ပုံကားချပ် စတဲ့ အခန်းပြင်ဆင်မှုတွေကို ကျောင်းသားတွေရဲ့ အရွယ်အလိုက်၊ လိုအပ်ချက်အလိုက် အသေးစိတ် လုပ်ဆောင်ထားသင့်ပါတယ်။
၁၀။ အတတ်ပညာ တိုးတက်ရေးကို ဆောင်ရွက်နေပါ။
ဆရာတွေဟာ အလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ဖော်ကိုင်ဖက် တိုင်ပင်ဆွေးနွေးမှုနဲ့ လေ့ကျင့်ရေး သင်တန်းများမှတဆင့် စာသင်ခန်းစီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ဖို့ ဆက်လက်ကြိုစားလေ့လာနေရပါမယ်။ သင်ကြားရေးနယ်ပယ်မှ အတွေ့အကြုံရှိ ဆရာတွေ လမ်းညွှန်ပေးတဲ့ လက်တွေ့ကျကျ အကြံဉာဏ်တွေနဲ့ စာသင်ခန်းဆိုင်ရာ စီမံခန့်ခွဲမှုဗျူဟာတွေကို အလေးထားပြီး ဆောင်ရွက်သင့်ပါတယ်။
ဖော်ပြပါ စာသင်ခန်း စီမံခန့်ခွဲမှုနည်းစနစ်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဆရာတွေအနေနဲ့ စနစ်တကျရှိပြီး အပြုသဘောဆောင်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ အဓိက သော့ချက်မှာ ကျောင်းသားတစ်ဦးချင်း လိုအပ်ချက်တွေကို နားလည်ပြီး ကျောင်းသားတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပါ။ စာသင်ခန်း စီမံခန့်ခွဲမှုဗျူဟာကို ကောင်းစွာ နားလည်ထားမယ်ဆိုရင် ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကိုသာမက ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုပါ ဖြစ်ပေါ်စေပါတယ်။