တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် AI နည်းပညာ အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာမှုနှင့်အတူ နိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်စျေးကွက် ပြောင်းလဲလာမှုကြောင့် တက္ကသိုလ်မေဂျာပေါင်း (၁၂,၀၀၀) ကျော်ကို ဖျက်သိမ်းခဲ့ပြီး နည်းပညာအခြေပြု မေဂျာပေါင်းများစွာဖြင့် အစားထိုးပြုပြင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြထားသော တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုသင်တန်းမေဂျာပေါင်း (၁၂,၂၀၀) ကို ဖျက်သိမ်းခြင်း (သို့) ဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့ပြီး မေဂျာအသစ်ပေါင်း (၁၀,၂၀၀) ကို အစားထိုး မိတ်ဆက်ခဲ့သည်။
ထိုငါးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ဘွဲ့ကြိုမေဂျာများ၏ (၃၀%) ကျော်ကို ပြုပြင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
South China Morning Post သတင်းစာ၏ ဖော်ပြချက်အရ ဖျက်သိမ်းလိုက်သော ဘာသာရပ်အများစုမှာ ဝိဇ္ဇာပညာရပ်၊ လူမှုအခြေပြုဘာသာရပ်များ၊ နိုင်ငံခြားဘာသာစကားများနှင့် စီမံခန့်ခွဲမှုပညာရပ်များ ဖြစ်ကြသည်။
အဆိုပါဘာသာရပ်များကို တရုတ်တက္ကသိုလ်များက AI ခေတ် အနာဂတ်အလုပ်အကိုင် လိုအပ်ချက်များအတွက် "ခေတ်မမှီတော့ခြင်း" (သို့) "ကိုက်ညီမှုမရှိခြင်း"ဟု သတ်မှတ်၍ ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ အကြီးစား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာရခြင်းမှာ တက္ကသိုလ်များအနေဖြင့် ဘွဲ့ရရှိသူများ၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းကို မြှင့်တင်ပေးရန် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း တက္ကသိုလ်ဘွဲ့ရရှိသူ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့သော်လည်း လူငယ်အများအပြားမှာမူ ၎င်းတို့၏ အရည်အချင်း၊ ဘွဲ့ဒီဂရီများနှင့် ကိုက်ညီမည့် အလုပ်အကိုင်များကို ရှာဖွေရန် ခက်ခဲရုန်းကန်နေကြရသည်။