စာမေးပွဲနီးတိုင်း ကျောင်းသားတွေ လုပ်တတ်တဲ့ အမှားအယွင်း (၇) မျိုး

ကျောင်းသားတွေ မကြိုက်ဆုံး ပွဲကတော့ စာမေးပွဲပဲ ဖြစ်မယ်ထင်ပါတယ်။ စာမေးပွဲနီးလာတိုင်း ကျောင်းသားတွေအတွက် ဖိအားတွေကတော့ အနည်းနဲ့အများ ရှိကောင်းရှိမှာပါ။ ဒါပေမဲ့လည်း ကျောင်းသားတွေက စာမေးပွဲကို ဘယ်လို ချဉ်းကပ်လဲဆိုတဲ့ မေးခွန်းကသာ ပိုပြီး အရေးပါပါတယ်။ 

နောက်ဆုံးစာမေးပွဲကြီးပဲ ဖြစ်ဖြစ် လပတ်စာမေးပွဲပဲ ဖြစ်ဖြစ် ဘယ်လိုစာမေးပွဲမဆို မဖြေခင်မှာ ကျောင်းသားတွေအနေနဲ့ ဖိအားတွေများပြီး မှားယွင်းစွာ လုပ်မိတတ်တဲ့ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။

အဲဒါကြောင့် အခု ဖော်ပြသွားမှာကတော့ ကျောင်းသားတွေအနေနဲ့ စာမေးပွဲမဖြေခင်မှာ ရှောင်သင့်တဲ့ အချက်လေး (၇) ချက်ပါပဲ။ သင့်ရဲ့ စိတ်ဖိစီးနေတဲ့ နာရီပေါင်းများစွာကို စွမ်းအင်တွေအဖြစ် ဖန်တီးလိုက်ပါနော်။ 

၁။ နောက်ဆုံးမိနစ်မှ စုပြုံလုပ်ခြင်း

ကျောင်းသားတော်တော်များများကတော့ စာမေးပွဲ ဘယ်ရက်ဖြေရမလဲဆိုတာမျိုး ကြိုပြီး သိထားနှင့်ပြီးသား ဖြစ်ကြမှာပါ။ ဒီအတွက် ကြိုတင်ပြင်ဆင်ရမယ့်ဆိုတာလည်း ကျောင်းသားအားလုံးအနေနဲ့ သိကိုသိရမယ့် အချက်ပဲဖြစ်ပါတယ်။

ဖြေဆိုရမယ့် ဘာသာရပ်တွေအတွက် သင့်တော်တဲ့ စာလေ့လာချိန် အချိန်ဇယား ဆွဲပါ။ အချိန်များများပေးနိုင်လေ စာမေးပွဲအတွက် ကြိုတင် ပြင်ဆင်နိုင်လေပါပဲ။ 

အနားနီးမှ ၀ရုန်းသုန်းကား လေ့လာခြင်းက သင့်ကို စမတ်မဖြစ်စေသလို ဦးနှောက်ထဲကို စာတွေပြွတ်သိပ်ထည့်သွင်းခြင်းကလည်း ပြန်ပြီး မှတ်မိနိုင်ဖို့ရာ အလွန် ခဲယဥ်းပါတယ်။ ဒါကြောင့်မို့လို့ စာမေးပွဲဖြေခါနီး နောက်ဆုံးမိနစ်အလိုမှာ အလောတကြီး စာလုပ်ခြင်းကို အထူး ရှောင်ရှားသင့်ပါတယ်။

၂။ ရှိတဲ့ အနေအထားထက် ပိုမျှော်မှန်းခြင်း

ရည်မှန်းချက်မြင့်မြင့်ထားတာက သင့်အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပေမဲ့ လိုတာထက် ပိုထားမိပါကလည်း သင်မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါမှာ အရာအားလုံးက ပြိုပျက် ပျက်စီးသွားသလို ခံစားရမှာ အမှန်ပဲဖြစ်ပါတယ်။

သင့်ရဲ့ လက်တွေ့ ရှိနေတဲ့ အနေအထားကို သင်ကိုယ်တိုင်သာ အကဲအဖြတ်နိုင်ဆုံးပါပဲ။ သင်လိုချင်တဲ့ ရလဒ်တစ်ခုကို တကယ်ဖြစ်ရမယ်လို့ စိတ်နှလုံးသွင်းပြီး ချမှတ်ပါ။ အမှတ်များများလည်း လိုချင်တယ် လေ့လာရမှာတွေကလည်း အများကြီး ကျန်သေးတယ်ဆိုရင်တော့ သင့်ကိုယ်သင် ဖိအားပိုပေးသလိုဖြစ်ပြီး အောင်မြင်မှုလည်း ထင်သလောက်ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရှိအနေအထားကို လက်ခံပြီး စစ်မှန်တဲ့ ပန်းတိုင်ကိုသာ ချမှတ်ပြီး အောင်မြင်မှုကို ရယူပါ။

၃။ အနားယူချိန်ကို လိုတာထက်ပိုပေးခြင်း

စာကို တောက်လျှောက်ကြီး လေ့လာတာထက် အနားယူချိန်ကို သီးသန့်ပေးပြီး လေ့လာတာက ပိုပြီး ကောင်းမွန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ Limit ထားဖို့တော့ လိုပါတယ်။ ဆယ့်ငါးမိနစ် အနားယူခြင်းမှသည် TV ကြည့်တာ၊ ဖုန်းသုံးတာတို့မှာ (၁) နာရီ ဖြစ်မသွားဖို့တော့ အထူး လိုအပ်ပါတယ်။ အချိန်ကြာမြင့်စွာ အနားယူခြင်းက သင့်ရဲ့ စာလေ့လာမှုအားကို လျော့နည်းစေသလို စာကျက်ချင်တဲ့စိတ် ပြန်ရဖို့ကိုလည်း ပိုမို ခက်ခဲစေပါတယ်။ 

၄။ အကြောင်းအရာ အသစ်များ ထပ်မံလေ့လာခြင်း

စာမေးပွဲဖြေဆိုခါနီးမှ ကိုယ်လုံး၀ မမြင်ဖူး၊ မတွေ့ဖူး၊ မလေ့လာဖူးသေးတဲ့ အကြောင်းအရာတွေကိုလည်း အလောတကြီး ထပ်မံလေ့လာ ကျက်မှတ်ခြင်းက သင့်ရဲ့ ရှိရင်းစွဲ ကျက်ပြီးသား စာတွေကိုပါ မေ့လျော့စေနိုင်ပါတယ်။ ကိုယ် အသေအချာ ပြင်ဆင်ထားတဲ့ စာတွေကိုသာ ကျေညက်အောင် ထပ်မံလေ့လာပါ။ အကြောင်းအရာ အသစ်တွေကို အနားနီးမှ စုပြုံထည့်ခြင်းမှ ရှောင်ရှားပြီး အချိန်ကို အကျိုးရှိအောင် အသုံးချလိုက်ပါ။

၅။ အစားအစာ စားသုံးမှုနှင့် အိပ်စက်ချိန် နည်းပါးခြင်း

ကိုယ်ခန္ဓာအတွက် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက် စားသုံးခြင်းနှင့် အိပ်စက်ခြင်းကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ကျောင်းသားအများစုက စာမေးပွဲနီးမှ အိပ်ငိုက်မှာ စိုးတာကြောင့် အစားလျော့စားတာတို့၊ စိတ်ဖိစီးမှုကြောင့် မစားနိုင်မသောက်နိုင်ဖြစ်တာတို့ ၊ စာကျက်ချိန် နည်းမှာစိုးတာကြောင့် အိပ်ချိန်လျော့ချတာတို့ လုပ်လေ့ရှိကြပါတယ်။ ဒါဟာ လုံး၀ကို မှားယွင်းတဲ့ အချက်ပါပဲ။ 

အအိပ်၊ အစားဆိုတာ ကိုယ်ခန္ဓာအတွက် အဓိက လောင်ကျွမ်းပေးရမယ့် အခြေခံ လောင်စာတွေပါပဲ။ ဆာလောင်နေတဲ့ ၀မ်းနဲ့ ငိုက်မျည်းနေတဲ့ မျက်လုံးတွေက သင့်ရဲ့ အာရုံကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးတိုင်း အစားကို အာဟာရနဲ့ သင့်တင့်ညီမျှအောင် စားသုံးပြီး လိုအပ်တဲ့ အိပ်ချိန်အပြည့်အ၀ အိပ်ဖို့ အကြံပေးချင်ပါတယ်။

၆။ ဖုန်းအလွံအကျွံသုံးစွဲခြင်း နှင့် ဂိမ်းဆော့ခြင်း

အထက်ပါ နည်းလမ်းတွေကတော့ သင့်ဦးနှောက်ကို စာကျက်ချိန်အတွင်း ကောင်းမွန်စွာ အနားပေးဖို့အတွက် သင့်တော်တဲ့ နည်းလမ်းတွေ လုံး၀ လုံး၀ မဟုတ်ပါဘူး။ စာကျက်ချိန်အတွင်းမှာပင် သင့်ရဲ့ ဦးနှောက်နဲ့ အာရုံကြောလေးတွေက စွမ်းအင်များစွာကို ကုန်ဆုံးစေပြီးသားပါ။ သင့်ရဲ့ အနားယူချိန်မှာပါ ဖုန်းသုံးမယ်၊ ဂိမ်းဆော့မယ်ဆိုရင် သင့်ရဲ့ ဦးနှောက်ကလည်း အလုပ်ဆက်လုပ်ရပြီး ပြည့်၀လုံလောက်တဲ့ အနားယူခြင်းမျိုးကို လုံး၀ ရရှိစေမှာ မဟုတ်ပါဘူး။ အဲဒီအစား လမ်းလျှောက်ပါ။ သီချင်းနားထောင်ပါ။ တရားထိုင်ပါ။ အာရုံကြောလေးတွေကို အကောင်းဆုံး အနားပေးနိုင်မယ့် အရာတွေကိုသာ လုပ်ဆောင်ပါ။

၇။ တစ်ခြားသူများနှင့် အလွန်အကြူး ယှဥ်ပြိုင်ခြင်း

သင့်ကိုယ်သင် တခြားသူတွေနဲ့ ယှဥ်ပြိုင်သုံးသပ်ခြင်းက အတိုင်းအတာ တစ်ခုထိ ကောင်းမွန်ပေမဲ့ အလွန်အကြူး ပြိုင်ဆိုင်မိပြီဆိုရင်တော့ အချိန်မှီ ဘရိတ်အုတ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ လေ့လာကျက်မှတ်မှု နည်းလမ်းက အကောင်းမွန်ဆုံးဖြစ်ပြီး သင့်မှာ ထူးခြားတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ထားပါ။ တချို့သော ယှဥ်ပြိုင်မှုတွေက သင့်အတွက် စိတ်ဖိစီးမှု ဖြစ်နိုင်တဲ့ အပြင် သင့်ရဲ့ ရှိနေရမယ့် စာလေ့လာချိန်ကိုပါ လျော့နည်းစေနိုင်ပြီး စာမေးပွဲကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင်လုပ်နိုင်တာ မှန်သမျှကို လုပ်ပါ။ အကောင်းဆုံး ကြိုးစားပါ။ 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို ဂရုတစိုက်နဲ့ ရှောင်ရှားပြီး စာမေးပွဲအတွက် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ လေ့လာကျက်မှတ်မယ်ဆိုရင် သင်ဟာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်မှာ မလွဲဧကန်ပါပဲ။

Related Article : စာကျက်တဲ့အခါ အချိန်တိုအတွင်း စာမြန်မြန်ရဖို့ နည်းလမ်း (၆) ချက်

https://www.edge.com.mm/article/studying-tips.html

High Primary Secondary Read 2975 times