အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံတကာကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ (၇၀,၀၀၀) ကောက်ခံရန် အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ (၇) ရက်နေ့တွင် အဆိုသစ် တင်သွင်းခဲ့သည်။
အဆိုပါ အဆိုပြုချက်အရ ကျောင်းများအနေဖြင့် OPT (Optional Practical Training) ဟုလူသိများသည့် လုပ်ငန်းခွင် အလုပ်သင်လေ့ကျင့်ခွင့် အစီအစဉ်တွင် ပါဝင်သည့် ကျောင်းသားတစ်ဦးစီအတွက် အခကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။
ထို OPT အစီအစဉ်သည် ကျောင်းသားများကို ကျောင်းတက်နေစဉ် သို့မဟုတ် ကျောင်းပြီးသွားသည့်အခါ မိမိတို့ တက်ရောက်ခဲ့သည့် အဓိကဘာသာရပ်နှင့် သက်ဆိုင်သော အလုပ်အကိုင်များတွင် အလုပ်လုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။
ကျောင်းသားများသည် ဘွဲ့ရရှိပြီးနောက် ယေဘုယျအားဖြင့် ၁ နှစ် (၁၂ လ) အလုပ်လုပ်ပိုင်ခွင့် ရှိကြသော်လည်း သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ဘာသာရပ် အချို့ဖြင့် ဘွဲ့ရရှိထားသူများမှာမူ ထပ်ဆောင်း (၂) နှစ်အထိ လုပ်ကိုင်ခွင့် ရရှိကြသည်။
ကျောင်းများအနေဖြင့် အဆိုပါ အစီအစဉ်သို့ ကနဦးလျှောက်ထားမည့် ကျောင်းသားအသစ်အတွက် အမေရိကန်ဒေါ်လာ (၇၀,၀၀၀) ပေးဆောင်ရမည်ဖြစ်ပြီး သက်တမ်းတိုးမှု တစ်ကြိမ်စီအတွက် ဒေါ်လာ (၃၀,၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။
လက်ရှိကာလတွင် OPT အစီအစဉ်အတွက် ဒေါ်လာ (၅၀၀) ဝန်းကျင်မျှသာ ပေးဆောင်ရပြီး ယခုအဆိုပြုချက်သာ အတည်ဖြစ်သွားပြီဆိုပါက ကျောင်းများနှင့် နိုင်ငံတကာကျောင်းသားများသည် အဆ (၁၄၀) အထိ တိုးမြှင့်လိုက်သော ဒေါ်လာ (၇၀,၀၀၀) ကို ပေးဆောင်ရတော့မည်ဖြစ်သည်။
ယင်းအဆိုပြုချက်သည် ကျောင်းအများအပြားနှင့် နိုင်ငံတကာကျောင်းသားများအတွက် (OPT) အစီအစဉ်ကို လက်လှမ်းမမီနိုင်အောင် ဖြစ်စေနိုင်ပြီး အမေရိကန်တွင် ပညာသင်ကြားရေးအတွက် အဓိက ဆွဲဆောင်မှုတစ်ခုကိုလည်း လျော့ပါးသွားစေနိုင်ပါသည်။
ယင်းအဆိုပြုချက်ကို အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဓလေ့ထုံးစံများဆိုင်ရာ အကောင်အထည်ဖော်ရေးအဖွဲ့ (ICE) က အောက်တိုဘာ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“လိမ်လည်လှည့်ဖြားမှုများကို တိုက်ဖျက်ရန်၊ လူဝင်မှုကြီးကြပ်ရေးစနစ်၏ ခိုင်မာမှုကို မြှင့်တင်ရန်နှင့် အမေရိကန် လုပ်သားများကို ကာကွယ်ရန်” စည်းမျဉ်းအသစ်ကို အဆိုပြုရခြင်းဖြစ်ကြောင်း ICE က ပြောကြားခဲ့သည်။
အဆိုပါ အဆိုပြုချက်သည် အတည်မပြုမီ ရက်ပေါင်း (၃၀) ကြာ အများပြည်သူ၏ အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး စည်းမျဉ်းအတည်ပြုပြီးပါက ကျောင်းများ၊ ကျောင်းသားများနှင့် အလုပ်ရှင်များ ပြင်ဆင်ချိန်ရရှိစေရန် စည်းမျဉ်းမစတင်မီ ရက်ပေါင်း (၆၀) စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း (DHS) က ပြောကြားခဲ့သည်။