ဆရာ၊ ဆရာမတစ်ယောက် ဖြစ်လာပြီဆိုရင် စာသင်တတ်ရုံနဲ့ မပြည့်စုံဘဲ မိမိအတန်းတွင်းက ကျောင်းသားတွေကိုလည်း စီမံခန့်ခွဲပေးတတ်ဖို့ အရေးကြီးပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး အခက်အခဲ (သို့) စိန်ခေါ်မှုတွေကို နေ့စဉ်နှင့်အမျှ ကြုံရတတ်ပါတယ်။
စာသင်ခန်းအတွင်း အဓိကကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကတော့ ကျောင်းသားများ အာရုံမစိုက်ခြင်း၊ အတန်းတွင်း စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တစ်ဦးချင်း သင်ယူမှုစွမ်းရည် ကွာခြားခြင်းတို့ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ဖြစ်လာပြီဆိုရင် ဘယ်လို နည်းလမ်းတွေ သုံးပြီး ဖြေရှင်းပေးရမလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကျောင်းသားများ အာရုံမစိုက်ခြင်း
အခက်အခဲ: စာသင်ချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့လာခြင်း၊ တခြားအရာတွေမှာ စိတ်ရောက်နေခြင်း။
ဖြေရှင်းပုံ: သင်ကြားမှုပုံစံကို ပြောင်းလဲပါ။ စာတစ်ပုဒ်တည်းကို အချိန်အကြာကြီး မပို့ချဘဲ အုပ်စုလိုက် ဆွေးနွေးခြင်း (Group work)၊ မေးခွန်း အမေးအဖြေ ပြုလုပ်ခြင်း၊ ဗီဒီယို သို့မဟုတ် လက်တွေ့သရုပ်ပြမှုများ ထည့်သွင်းပေးပါ။
၂။ အတန်းတွင်း ဆူညံခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခြင်း
အခက်အခဲ: ကျောင်းသားအချင်းချင်း စကားပြောခြင်း၊ ဆရာကို အာရုံမစိုက်ဘဲ အနှောင့်အယှက်ပေးခြင်း။
ဖြေရှင်းပုံ: သင်ခန်းစာအတွင်း ကျောင်းသားတွေကိုယ်တိုင် တက်ကြွစွာ ပါဝင်ခွင့်ပေးပါ။ အတန်းမစမီ စည်းကမ်းချက်တွေကို ကျောင်းသားတွေနဲ့အတူ တိုင်ပင်ဆွေးနွေးပြီး သတ်မှတ်ထားပါ။ ပြစ်ဒဏ်ပေးခြင်းထက် အပြုသဘောဆောင်တဲ့ ဆုံးမခြင်း (Positive Discipline) ကို အသုံးပြုပါ။
၃။ တစ်ဦးချင်း သင်ယူမှုစွမ်းရည် ကွာခြားလွန်းခြင်း
အခက်အခဲ: ကျောင်းသားတချို့က သင်ခန်းစာကို မြန်မြန်နားလည်သော်လည်း အချို့မှာ နားလည်ဖို့ အချိန်ယူရခြင်း။
ဖြေရှင်းပုံ: ကျောင်းသားအားလုံး ပါဝင်နိုင်တဲ့ သင်ကြားမှု (Inclusive Teaching) ကို ကျင့်သုံးပါ။ အတတ်မြန်တဲ့ ကျောင်းသားတွေကို ရှေ့ဆောင် သို့မဟုတ် အကူ (Peer Tutor) အဖြစ် တာဝန်ပေးပြီး၊ အတတ်နှေးတဲ့ ကျောင်းသားတွေကို တစ်ဦးချင်းသီးသန့် (သို့) အသေးစားအုပ်စုလေးတွေ ခွဲပြီး အချိန်ပိုပေး ရှင်းပြပေးပါ။
၄။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု
အခက်အခဲ: မိသားစု သို့မဟုတ် လူမှုရေးပြဿနာများကြောင့် စာသင်ခန်းတွင် စိတ်မပါခြင်း၊ စိတ်ဓာတ်ကျနေခြင်း။
ဖြေရှင်းပုံ: စာသင်ခန်းကို စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးစေတဲ့ နေရာလေး တစ်ခုအဖြစ် ဖန်တီးပေးပါ။ ကျောင်းသားရဲ့ ခံစားချက်ကို နားလည်ပေးခြင်း၊ အားပေးကူညီခြင်း၊ ကျောင်းသားမိဘနဲ့ ဆွေးနွေးတိုင်ပင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနားလည်တတ်ကျွမ်းသူတွေနဲ့ ချိတ်ဆက်ပြသပေးခြင်းတို့ ပြုလုပ်ပါ။
၅။ အိမ်စာ သို့မဟုတ် ပေးထားသော တာဝန်တွေကို ပြီးမြောက်အောင် မလုပ်ခြင်း
အခက်အခဲ: ကျောင်းသားများက ပေးထားသော အိမ်စာများကို ပုံမှန် မလုပ်ဆောင်ခြင်း သို့မဟုတ် အကြောင်းပြချက် အမျိုးမျိုးဖြင့် ပျက်ကွက်ခြင်း။
ဖြေရှင်းပုံ: အိမ်စာ ပမာဏကို လျှော့ချပါ။ စာသင်ခန်းထဲမှာပဲ ပူးပေါင်းလုပ်ဆောင်ရတဲ့ တာဝန်များ (In-class assignments) ကို ပိုမိုပေးပါ။ အိမ်စာ တင်ရမယ့်ရက်ကို ကြိုတင် တိတိကျကျ သတ်မှတ်ပေးပြီး ပြီးမြောက်သူတွေကို ချီးမွမ်းပါ။
၆။ ကျောင်းသားများ ရှက်ခြင်းနှင့် အတန်းတွင်း မပါဝင်ခြင်း
အခက်အခဲ: မေးခွန်းမေးလျှင် ပြန်မဖြေခြင်း၊ ဆွေးနွေးမှုများတွင် ဝင်ရောက် မပြောဆိုဘဲ ငြိမ်သက်နေခြင်း။
ဖြေရှင်းပုံ: အဖြေမှားမှာကို မကြောက်စေဖို့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ တစ်ဦးချင်း မေးမယ့်အစား "ဘေးကသူငယ်ချင်းနဲ့ ၂ မိနစ် တိုင်ပင်ပြီးမှ ဖြေပါ" လို့ပြောပြီး (Think-Pair-Share) နည်းလမ်းကို သုံးပါ။ ဆရာက နာမည်တပ်ပြီး မေးခြင်းထက် ဘယ်သူဖြေချင်လဲမေးတာမျိုး (သို့) မဲနှိုက်မေးတာမျိုး ပြုလုပ်ပါ။
၇။ နည်းပညာနှင့် သင်ထောက်ကူပစ္စည်း မလုံလောက်ခြင်း
အခက်အခဲ: စာသင်ကျောင်းတွင် ကွန်ပျူတာ၊ ပရောဂျက်တာ၊ အင်တာနက် သို့မဟုတ် လိုအပ်သော ပုံနှိပ်စာအုပ်များ မစုံလင်ခြင်း။
ဖြေရှင်းပုံ: ပတ်ဝန်းကျင်ရှိ အလွယ်တကူရနိုင်တဲ့ ပစ္စည်းများကို အသုံးပြုပါ။ သတင်းစာဟောင်းများ၊ ကတ်ထူပြားများ၊ သစ်ရွက်များနှင့် ပုလင်းခွံများကို သင်ထောက်ကူပစ္စည်းအဖြစ် တီထွင်သုံးစွဲပါ။ စာအုပ်မလုံလောက်ပါက ကျောင်းသား (၂) ဦးကို (၁) အုပ် မျှဝေသုံးစွဲခိုင်းပါ။
၈။ ကျောင်းသားများ ပုံမှန် ကျောင်းပျက်ခြင်း
အခက်အခဲ: အချို့ကျောင်းသားများမှာ လူမှုရေး၊ စီးပွားရေး သို့မဟုတ် ကျန်းမာရေးကြောင့် ကျောင်းခဏခဏ ပျက်သဖြင့် သင်ခန်းစာ နောက်ကျကျန်ခဲ့ခြင်း။
ဖြေရှင်းပုံ: ကျောင်းပျက်ရတဲ့ အဓိက အကြောင်းရင်းကို မိဘတွေနဲ့ ဆက်သွယ် မေးမြန်းပါ။ ကျောင်းပျက်သွားတဲ့ နေ့တွေအတွက် သူငယ်ချင်းတွေထံမှ စာကူးယူဖို့ ခွင့်ပြုပါ။ ကျောင်းတက်ရောက်မှူကို ပိုမို အဓိပ္ပါယ်ရှိစေမယ့်၊ သင်ယူမှုမှာ စိတ်ဝင်စားစေမယ့် လှုပ်ရှားမှုတွေ ပေးလုပ်ပါ။